လွှတ်တော်ကိုယ်စားလှယ် ဒေါ်မေဝင်းမြင့် ဦးဆောင်တဲ့ အန်အယ်လ်ဒီပါတီ ဗဟိုဦးစီးအဖွဲ့ဟာ ရခိုင်ပြည်နယ်ကို ရောက်ရှိနေပြီး ဒီကနေ့ ရမ်းဗြဲမြို့နယ်က အဖွဲ့ချုပ်ဝင်တွေနဲ့ တွေ့ဆုံခဲ့တယ်လို့ ပြည်နယ်စည်းအဖွဲ့ဝင် ဦးသိန်း လှိုင်က ပြောပါတယ်။ ဒီတွေ့ဆုံပွဲအတွင်း ရှင်းပြခဲ့တာတွေကို ဦးသိန်းလှိုင်က ခုလို ပြောပြပါတယ်။ “အဓိက ကတော့ ကျနော်တို့ အဖွဲ့ချုပ်အနေနဲ့ နအဖရဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲ ဥပဒေတွေအရ၊ ထပ်မံ မှတ်ပုံမတင်ဘူး။ မတင်တဲ့ အတွက်ကြောင့်မို့လို့ ကျနော်တို့ ၁၄ ရက်နေ့ကနေ ကော်မရှင်ကနေ ပယ်ဖျက်တယ်။
ဒါပေမယ့် ဥပဒေကြောင်းအရ ဆက်လက်ရပ်တည်ခွင့် ရှိတယ်ဆိုတာရယ် ကျနော်တို့ အန်အယ်လ်ဒီဟာ ဆက် လက် ရှင်သန်နေဆဲ ဖြစ်တယ်။ ဒေါ်စုပြောတဲ့ မဲပေးခွင့် ရှိသလို မဲမပေးဘဲလည်း နေ ခွင့် ရှိတယ်ဆိုတဲ့ ပြည်သူလူထုအနေနဲ့ မဲဆန္ဒရှင်တွေအနေနဲ့ ရပိုင်ခွင့်တွေကိုလည်း အကျယ်တဝံ့ ရှင်းပြတယ်ခင်ဗျ၊။” ရမ်းဗြဲမြို့ က တွေ့ဆုံပွဲကို လူ ၁ဝဝ ကျော်လောက် တက်ရောက်ပြီး ရွေး ကောက်ပွဲမှာ မဲပေးရေး မပေးရေးကိစ္စကို စိတ်ဝင်တစားနဲ့ မေးမြန်းခဲ့ကြတယ်လို့ လည်း ဦးသိန်းလှိုင်က ပြောပါတယ်။ “ဟုတ်ကဲ့ သူတို့အနေနဲ့ကတော့ မဲမပေးရင် ဘယ်လိုဆက်ဖြစ်လာမလဲ၊ မဲ ပေးတဲ့ အတွက် ဘာတွေ ဆက်ဖြစ်လာနိုင်သလဲ။ အဲလိုမေးခွန်းမျိုးတွေလည်း မေးပါ တယ်။
တော်တော်လေးကို အားတက်သရော မေးကြတာတွေ ရှိတယ်။ ကျနော်တို့ မမျှော်လင့်ထားတဲ့ မေးခွန်းလေးတွေလည်း ပါပါတယ်။ အကောင်းဆုံး ဖြစ်အောင် ဒီနေ့ ဟောပြောနိုင်တဲ့ ဗဟိုဦးစီးအဖွဲ့ဝင်တွေက ကျနော်တို့ ဦးအောင်ကြည်ညွန့်ပါ။ သူကလည်း ဒီနေ့ ဥပဒေကြောင်းအရ ပြောတယ်။ ပရိတ်သတ်ကလည်း အကြီးအ ကျယ်ကို သဘောကျတယ်။”
ဒီကနေ့ ရမ်းဗြဲက တွေ့ဆုံမှုကို နယ်မြေခံအာဏာပိုင်တွေက လာရောက် စောင့်ကြည်တာ ရှိခဲ့ပေမယ့် အနှောင့်အယှက် ပေးတာမျိုးတော့ မရှိဘူးလို့ ဆိုပါ တယ်။ ရခိုင်ပြည်နယ် ခရီးစဉ်မှာ ဒေါ်မေဝင်းမြင့်နဲ့အတူ ဘားအံ လွှတ်တော်ကိုယ် စားလှယ် ဒေါ်နန်းခင်ထွေးမြင့်နဲ့ လူငယ် ၂ ဦး၊ ပေါင်း ၇ ဦး ပါဝင်ပြီး မနက်ဖြန်မှာ တော့ ကျောက်ဖြူမြို့ကို ခရီးဆက်မယ်လို့ ဦးသိန်းလှိုင်က ပြောပြခဲ့ပါတယ်။
သတင်းရင်းမြစ်....DVB