ဒီနှစ်ထဲမှာ ကျင်းပမယ်လို့ မြန်မာစစ်အစိုးရက ကတိပေးထားတဲ့ ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ကို ပါဝင် ယှဉ်ပြိုင်ခွင့်ပြုဖို့နဲ့  ဒေါ်အောင်ဆန်းစုကြည်နဲ့ တကွ နိုင်ငံရေး အကျဉ်းသား ၂,၂၀ဝ တို့ရဲ့ နိုင်ငံရေး ၊ ဒီမိုကရေစီ အခွင့်အရေးတွေကို ကျင့်သုံးခွင့်ပြုဖို့  တောင်းဆိုတဲ့ ဆုံးဖြတ်ချက်ကို နယူးဇီလန် ပါလီမန်က ကန့်ကွက်မဲမရှိ ဇွန်လ ၂ ရက်နေ့က ဆုံးဖြတ်လိုက်ပါတယ်။
အဲဒီပါလီမန် အဆိုတင်သွင်းတဲ့ အစီအစဉ်ကို ဦးဆောင်ပြီး စီစဉ်ဆောင်ရွက်ခဲ့သူက နယူးဇီလန် လေဘာပါတီက ပါလီမန်အမတ် မစ္စက် Maryan Street ဖြစ်ပြီး၊ သူဟာ မြန်မာ့ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ ပါတီပေါင်းစုံ ညှိနှိုင်းရေး ကော်မီတီရဲ့ ဥက္ကဋ္ဌလည်း ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ နှစ်ပေါင်း ၂၀ ကျော်ကြာ အကျဉ်းကျခံနေရသလို၊ ဒီနှစ်ထဲမှာ ကျင်းပမဲ့ ရွေးကောက်ပွဲဟာ ဒေါ်အောင်ဆန်းစုကြည် မပါရင် အတုအယောင် ရွေးကောက်ပွဲသာ ဖြစ်ကြောင်း ပါလီမန်အမတ် Maryan က ပြောပါတယ်။
နယူးဇီလန်အစိုးရရဲ့ မြန်မာနိုင်ငံအပေါ် ထားရှိတဲ့ သဘောထားက အမေရိကန်ပြည်ထောင်စုရဲ့ သဘောထားအတိုင်းပဲ ဖြစ်ပြီး၊ စီးပွားရေး ပိတ်ဆို့ မှုကို ဆက်လက် ထားရှိဖို့ လိုအပ်သလို၊ မြန်မာစစ်အစိုးရနဲ့ တိုက်ရိုက် ထိတွေ့ ဆက်ဆံရေးကိုလည်း ရှေးရှုတယ်လို့ ပြောပါတယ်။
နယူးဇီလန်နိုင်ငံနဲ့ မြန်မာစစ်အစိုးရတို့ ဆက်ဆံရေး သိပ်ပြီး နီးနီးကပ်ကပ် မရှိပေမဲ့၊ လက်တွေ့ တိုက်ရိုက်ဆက်ဆံရေး အတွက် နယူးဇီလန်အစိုးရက ပြင်ဆင်မှုတွေ လုပ်ထားပါတယ်လို့  RFA ကို ပြောပါတယ်။
ရင်းမြစ်..RFA