ခင်နှင်းထက် ၁၁ အောက်တိုဘာ ၂၀၁၀ - DVB
အန်အယ်လ်ဒီဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးအုန်းကြိုင် ဦးဆောင်တဲ့အဖွဲ့ဟာ ရှမ်းပြည်နယ် ညောင်ရွှေမြို့နယ်က အဖွဲ့ချုပ်ဝင်တွေနဲ့ တွေ့ဆုံပြီး ရွေးကောက်ပွဲသပိတ် မှောက်ရေးနဲ့ မဲမပေးရေးကိစ္စတွေ ရှင်းပြခဲ့တယ်လို့ သိရပါတယ်။
ကယားပြည်နယ် လွိုင်ကော်မြို့က အမာခံအဖွဲ့ချုပ်ဝင်တွေနဲ့ သွားတွေ့ပြီး အပြန် အခုလ ၉ ရက်နေ့က ညောင်ရွှေအဖွဲ့ချုပ်ဝင်တွေနဲ့ တွေ့ဆုံခဲ့တာလို့ ဦးအုန်းကြိုင်က ပြောပါတယ်။ ညောင်ရွှေ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ဦးထွန်းလိုင်ရဲ့ နေအိမ်မှာပြုလုပ်တဲ့ တွေ့ဆုံပွဲအကြောင်းကို ဦးအုန်းကြိုင်က အခုလို ပြောပြပါတယ်။
“ဒေါက်တာဦးထွန်းလှိုင်နေအိမ်မှာ ညောင်ရွှေမြို့နယ်က မြို့နယ်စည်းကော်မတီ ဥက္ကဋ္ဌ ဒုတိယ-ဥက္ကဋ္ဌ အဖွဲ့ဝင်များနဲ့ ပါတီဝင်များနဲ့ ကျနော်တို့ တွေ့ဆုံပါတယ်၊ တွေ့ဆုံပြီးတော့ ကျနော်တို့ရဲ့ ခရီးစဉ် ရည်ရွယ်ချက်ဖြစ်တဲ့ အဖွဲ့ချုပ်ပိုမို သိပ်သည်းကျစ်လစ် ခိုင်မာရေး၊ တကြောင်းတည်းသော ဒီမိုကရေစီလမ်းကြောင်းပေါ်မှာ စုစည်းပြီးတော့ ဇွဲရှိရှိနဲ့ ချီတက်သွား ရေး၊ “အဖွဲ့ချုပ်က ဆုံးဖြတ်ထားတဲ့ ရွေးကောက်ပွဲ သပိတ်မှောက်ရေး၊ နောက် ရွေးကောက်ပွဲ မဲဆန္ဒရှင် ပြည်သူလူထုကိုလည်း ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ခံစားခွင့်တွေအတိုင်း၊ နောက်ပြီး ကော်မရှင်ဥပဒေပါ တိုင်ခွင့်တွေအတိုင်း မိမိကြိုက်နှစ်သက်တဲ့ ကိုယ်စားလှယ်တွေ မပါရင်ဖြစ် မဲမပေးဘဲ ဥပဒေနဲ့အညီ နေနိုင်တယ်ဆိုတဲ့အကြောင်း ကျနော်တို့က ရှင်းလင်းဆွေးနွေး ကြပါ တယ်။”
ညောင်ရွှေကအပြန် နောက်တနေ့မှာတော့ ပြည်ထောင်စုအကျိုး ရှမ်းတိုင်းရင်းသားများ အကျိုးအတွက် ဆောင်ရွက်ခဲ့တဲ့ နိုင်ငံရေးခေါင်းဆောင်ကြီးတွေကို သွားရောက် ဂါရဝပြုခဲ့တယ် လို့ ဆိုပါတယ်။
အဲဒီအထဲက အသက် ၈၇ နှစ်အရွယ် ဦးစံအောင်ကို သွားရောက်ဂါရဝပြုခဲ့ တာနဲ့ ပတ်သက်ပြီး ဦးအုန်းကြိုင်က အခုလို ပြောပြပါတယ်။
“အန်ကယ် ဦးစံအောင်က ပင်လုံစာချုပ် ချုပ်ဆိုစဉ်ကာလ ဗိုလ်ချုပ်အောင်ဆန်း ကြိုးစားစဉ် ကာလက သတင်းထောက်ဘဝနဲ့ သူက တတ်နိုင်သလောက် ပါဝင်ကူညီ ပံ့ပိုးပေးခဲ့ တဲ့သူ ဖြစ်ပါတယ်၊ နောက် ဂျပန်တော်လှန်ရေး ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်တဲ့ ဖက်ဆစ် ဂျပန်တော်လှန်ရေး၊ ပြည်သူတရပ်လုံး ဆင်နွှဲကျစဉ်ကာလတုန်းက ရှမ်းလည်း ဗမာပဲ၊ ဗမာ လည်း ရှမ်းပဲ၊ အတူတူပဲဆိုတဲ့ သူ့ရဲ့ ပြောဆိုချက်နဲ့ အတူတူ ပါဝင်ပြီးတော့ တက်တက်ºကွºကွ ဆောင်ရွက်ခဲ့သူဖြစ်တယ်၊ နောက်ပြီး æ ပါလီမန် ဒီမိုကရေစီ ခောတ်မှာလည်း ဒီမိုကရေစီ ရှင်သန်ရေးအတွက် တတ်အားသမျှ ပါဝင်ဆောင်ရွက်ခဲ့တဲ့ သတင်းစာ ပညာရှင်ဖြစ်ပါတယ်၊
“ကျနော်တို့ အန်ကယ်ဦးစံအောင်ကို သွားပြီးတော့ ဂါဝရပြုပါတယ်၊ အဲဒါကို ကျနော် တို့ကို လက်ခံပြီးတော့ တွေ့ဆုံတဲ့အခါမှာ တက်တက်ကြွကြွနဲ့ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ အဖွဲ့ချုပ်ဆိုတာကတော့ အလွန်ကို သတ္တိပြောင်တဲ့ နိုင်ငံရေးသမားတွေပဲ ခင်များတို့ဟာ တကယ့်ကို ပြည်သူလူထုအတွက် စွမ်းစွမ်းတမံ ဆောင်ရွက်တာတွေ ရဲရဲဝံ့ဝံ့ ဆောင်ရွက်တာတွေတွေ့ရတော့ ကျနော်အလွန်ဝမ်းသာမိတယ်၊ ဒေါ်အောင်ဆန်းစုကြည်ကို လည်း အသက်အန္တရာယ် စိုးရိမ်တဲ့အကြောင်း ကျနော်တို့ကို ပြောပါတယ်။”