ဒီမိုကရေစီပန်းတိုင် အမြန်ရောက်ရှိနိုင်ပါစေ။

Wednesday, June 16, 2010

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အထွေထွေအတွင်းရေးမှူးဒေါ်အောင်ဆန်းစုကြည်မွေးနေ့ ပြည်တွင်းနှင့် နိုင်ငံတကာမှာကျင်းပဖို့ ပြင်ဆင်


မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၆၅ နှစ်မြောက် မွေးနေ့အခမ်းအနားကို နှစ်စဉ် ကျင်းပနေကျအတိုင်း ရန်ကုန်မြို့မှာ ကျင်းပဖို့ ပြင်ဆင်နေတယ်လို့ NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက ပြောပါတယ်။
ဒီနှစ်အခမ်းအနားမှာ ပါဝင်မဲ့ အစီအစဉ်တချို့နဲ့ ပတ်သက်လို့ ဦးဉာဏ်ဝင်းက RFA ကို အခုလို ပြောပြပါတယ်။

“ဒေါ်စုမွေးနေ့ အဲဒီနေ့မှာတော့ ဧည့်ပရိသတ်လည်း ရှိမယ်ပေါ့ဗျာ၊ ဟို ချို့တဲ့တဲ့ ကျောင်းသားတွေကို စတေရှင်နရီ (စာရေးကိရိယာ) လှူဖို့ပါ။ အဲဒီ အစီအစဉ်။”

အခုနှစ်မှာ ကျင်းပမဲ့ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ပွဲကို ဗဟန်းမြို့နယ် ရွှေဂုံတိုင်ရပ်ကွက်မှာ ရှိတဲ့ NLD ရုံးချုပ်မှာ မလုပ်ပဲ အင်းစိန်မြို့နယ် ၁၀ မိုင်ကုန်းမှာ ရှိတဲ့ မိုးကုတ်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်မေနှင်းကြည်ရဲ့ နေအိမ်မှာ ကျင်းပ မယ်လို့ သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ကို ရန်ကုန်၊ မန္တလေးနဲ့ တခြားနယ်မြို့တွေအပြင် အမေရိကန်၊ ဗြိတိန်စတဲ့ နိုင်ငံတွေအပါအဝင် နိုင်ငံအသီးသီးမှာလည်း ကျင်းပဖို့ စီစဉ်ထားကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ လွန်ခဲ့တဲ့ အနှစ် ၂၀ ကာလအတွင်း ၁၄ နှစ်လောက် နေအိမ်အကျယ်ချုပ်နဲ့ နေထိုင်ခဲ့ရပြီး၊ မနှစ်က ကျရောက်တဲ့ ၆၄ နှစ်မြောက် မွေးနေ့ကို အင်းစိန်ထောင်တွင်းမှာ ဖြတ်သန်းခဲ့ရသလို အခုနှစ်မှာလည်း နေအိမ် အကျယ်ချုပ်ဘဝနဲ့ ကျော်ဖြတ်ရမှာ ဖြစ်ပါတယ်။