ပြီးခဲ့တဲ့နှစ် သြဂုတ်လက အမေရိကန်နိုင်ငံသား ဂျွန်ယက်တော ဝင်ရောက်မှုကြောင့် နေအိမ် အကျယ်ချုပ် စည်းကမ်းချိုးဖောက်မှုနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို တရားစီရင်ခဲ့တာဟာ တရားမဝင်ကြောင်း ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာအခြေစိုက် ကုလသမဂ္ဂ မတရား ဖမ်းဆီး အကျဉ်းချမှုများဆိုင်ရာ အလုပ်အမှုဆောင်အဖွဲ့ (Working Group on Arbitrary Detention) က ဆုံးဖြတ်လိုက်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို ထပ်မံအကျဉ်းချတာဟာ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာချက်တွေ အပိုဒ် ၉၊ ၁၀၊ ၁၉ နဲ့ ၂၀ တို့ကို ချိုးဖောက်ရာ ရောက်ပြီး သူ့ကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့လည်း တောင်းဆိုကြောင်း မေလ ၇ ရက် နေ့စွဲပါ ဆုံးဖြတ်ချက်မှာ ဖော်ပြထားပါတယ်။
ဒီဆုံးဖြတ်ချက်ကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံတကာ ရှေ့နေဖြစ်တဲ့ ဝါရှင်တန်အခြေစိုက် Freedom Now အဖွဲ့က Mr. Jared Genser ထံကို ကုလသမဂ္ဂက ဇွန်လ ၁၆ ရက် မနေ့က ပေးပို့လိုက်တာဖြစ်ပါတယ်။
ဒီအချက်ဟာ အရေးကြီးတဲ့ ဆုံးဖြတ်ချက် ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လက စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို အကျဉ်းချခဲ့တာဟာ နိုင်ငံတကာဥပဒေတွေကို ချိုးဖောက်တာဖြစ်ပြီး တရားဝင်မှု မရှိတဲ့အကြောင်း၊ အမြန်ပြန်လွှတ်ပေးဖို့ တောင်းဆိုကြောင်း ကုလသမဂ္ဂ အဖွဲ့အစည်းတခုက ထပ်ပြီး အတည်ပြုလိုက်တာ ဖြစ်ကြောင်း ရှေ့နေ မစ္စတာ ဂင်ဆာက ပြောပါတယ်။
လက်ရှိဆုံးဖြတ်ချက်ကို ရုရှား၊ နော်ဝေ၊ ချီလီ၊ ပါကစ္စတန်နဲ့ ဆီနီဂေါနိုင်ငံတွေက လူ့အခွင့်အရေး ကျွမ်းကျင်သူတွေက ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ ဒီဆုံးဖြတ်ချက်ကို မြန်မာစစ်အစိုးရကို အကြောင်းကြားခဲ့ပြီး ၃ ပတ်အကြာမှာ ဒီအမှုကို တိုင်ကြားခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေအဖွဲ့ဖြစ်တဲ့ Freedom Now အဖွဲ့ကို ပေးပို့တာလို့ Mr. Jared Genser က RFA ကို ပြောပါတယ်။
သတင်းရင်းမြစ်..RFA