ဇီးကုန်းမြို့နယ်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဝင် ဦးအေးကိုပြီးခဲ့တဲ့ ဇွန်လ ၃ ရက်နေ့က ထောင်ဝင်စာ သွားတွေ့တော့ ဒီအကြောင်း သိခဲ့ရတာလို့ သမီးဖြစ်သူက RFA ကိုပြောပါတယ်။
“မေ ၂၁ ရက်နေ့ကျမှ သူ့ကို သီးသန့် အကျဉ်းသားဆိုပြီး နာမယ်တပ်ပြီးတော့တဲ့၊ ဖေဖေ့ကို တိုက်ထဲကို သွင်းလိုက်တယ်သမီးတဲ့ အဲလိုပဲ၊ သမီး ၃ ရက်နေ့က ပြန်လာတယ်လေ။ သူက တိုက် ၉ မှာ နေရတယ်တဲ့။ ၁၁ တိုက်ရှိတယ် စုစုပေါင်း တိုက်က။ တိုက် ၄ နဲ့ တိုက် ၆ မှာလည်း ကိုဇင်လင်းအောင်နဲ့ ကိုကျော်ကျော်လင်း နိုင်ငံရေးအကျဉ်းသားပေါ့နော်၊ သူတို့ နှစ်ယောက်လည်း ရှိတယ်တဲ့။ ဖေဖေနဲ့ တွေ့တဲ့အချိန်မှာဆိုရင် ဘေးနားမှာ ဒု ထောင်မှူးရှိတယ်၊ အက်စ်ဘီရှိတယ်။ တခြား ထောင်ဝန်ထမ်း နှစ်ယောက်သုံးယောက် ရှိတယ်ပေါ့။ သမီးတို့ ပြောတဲ့စကားတွေကို ရေးမှတ်တယ်ပေါ့နော်။ ၁၅ မိနစ်ပဲ တွေ့လို့ရတယ်။”
ဦးအေးကို ထောင်ထဲရောက်ခါစက ထောင်ထဲမှာ အခြား အကျဉ်းသားတွေ နည်းတူ အတန်ငယ် လွတ်လွတ်လပ်လပ် ထားပေမဲ့ အယူခံနိုင်ပြီး ပြစ်ဒဏ် လျှော့ပေးလိုက်တဲ့နောက်မှာ တိုက်ခန်းတွင်း တဦးတည်း ပြောင်းထားလိုက်တာလို့ ဆိုပါတယ်။
NLD အဖွဲ့ဝင် ဦးအေးကိုဟာ နိုင်ငံရေးမှာ တက်ကြွသူတဦး ဖြစ်ပြီး အာဏာပိုင်တွေရဲ့ စောင့်ကြည့်တာခံနေရတဲ့ ကာလမှာပဲ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက သူမောင်းလာတဲ့ မော်တော်ဆိုင်ကယ်က စက်ဘီးစီးလာသူတဦးကို အနည်းငယ် တိုက်မိသွားတဲ့အတွက် ပုဒ်မ ၄ ခုနဲ့ စွဲချက်တင်ခံရပြီး စုစုပေါင်း ထောင်ဒဏ် ၂ နှစ် ချမှတ်ခံလိုက်ရတာပါ။ ဒီအတွက် အယူခံတင်တော့ ပြီးခဲ့တဲ့လထဲမှာ ပြစ်ဒဏ် ၉ လ လျော့သွားတယ်လို့ သမီးဖြစ်သူက ပြောပါတယ်။
ဦးအေးကိုရဲ့ အမှုဖြစ်စဉ်က သူမော်တော်ဆိုင်ကယ် မောင်းလာတုန်း၊ လမ်းချိုးက ထွက်လာတဲ့ နောက်မော်တော်ဆိုင်ကယ်တစီးနဲ့ တိုက်မလိုဖြစ်လို့ တခြားဖက် ရှောင်လိုက်ချိန်မှာ တဘက်ကလာတဲ့ စက်ဘီးကို ပွတ်လိုက်မိတာလို့ သူ့မိတ်ဆွေတွေက ပြောပါတယ်။ စက်ဘီးသမားမှာ ဘာဒဏ်ရာမှ မရဘူးလို့ ဆရာဝန်က မှတ်ချက်ရေးပေမဲ့ သက်ဆိုင်ရာ အာဏာပိုင်တွေက ဒီအပေါ်မှာ အရေးယူလိုက်တာလို့ ဆိုပါတယ်။
ရင်းမြစ်..RFA