ဒီမိုကရေစီပန်းတိုင် အမြန်ရောက်ရှိနိုင်ပါစေ။

Tuesday, June 8, 2010

ဗြိတိသျှဓာတ်ပုံဆရာဂျိမ်းစ်မက်ကေးရိုက်ကူးခဲ့တဲ့ဒုတိယရရှိတဲ့ဓာတ်ပုံ(လွတ်လာပေမဲ့ မလွတ်လပ်ပါ)ဆိုသောမြန်မာနိုင်ငံရေးအကျဉ်းသားဟောင်းများရဲ့ပုံများ


၂၀၁၀ ခုနှစ်အတွက် ပြင်သစ်နိုင်ငံ ပဲရစ်ဓာတ်ပုံပညာဆု ပြိုင်ပွဲမှာ ဗြိတိန်နိုင်ငံသား မစ္စတာ ဂျိမ်းစ် မက်ကေး
( James Mackay ) က နိုင်ငံရေးသတင်းဓာတ်ပုံ ကဏ္ဍမှာ ပထမဆုနဲ့ ဒုတိယဆု နှစ်ဆု တပြိုင်တည်း ဆွတ်ခူး ရရှိခဲ့ကြောင်း ပြိုင်ပွဲကော်မတီက ဒီကနေ့ ဇွန်လ ၇ ရက်မှာ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။ အဲဒီဆု နှစ်ဆုလုံးဟာ မြန်မာပြည်အကြောင်း ရိုက်ကူးခဲ့တဲ့ ဓာတ်ပုံတွေ ဖြစ်ကြပါတယ်။

ဗြိတိသျှ ဓာတ်ပုံဆရာ ဂျိမ်းစ် မက်ကေး ရိုက်ကူးခဲ့တဲ့ ပထမဆုရ သတင်းမှတ်တမ်း ဓာတ်ပုံကတော့ ‘မြန်မာ့ နိုင်ငံရေးရဲ့ သားကောင်လေးများ’ လို့ အမည်ပေးထားတဲ့ မြန်မာကလေးငယ်လေးတွေရဲ့ ဓာတ်ပုံတွေ ဖြစ်ပါတယ်။ ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ ဒေါက်တာ စင်သီယာမောင်ရဲ့ မယ်တော် ဆေးခန်းမှာ ကျန်းမာရေးကုသမှု လာရောက်ခံယူကြရတဲ့ မြန်မာပြည်တွင်းက ထောင်နဲ့ချီတဲ့ ကလေးငယ်တွေအကြောင်း သတင်းမှတ်တမ်း ဓာတ်ပုံတွေ ဖြစ်ကြပါတယ်။

ဒုတိယရရှိတဲ့ ဓာတ်ပုံတွေကတော့ ‘လွတ်လာပေမဲ့ မလွတ်လပ်ပါ’ လို့အမည်ပေးထားတဲ့ ပြည်တွင်းပြည်ပက မြန်မာနိုင်ငံရေး အကျဉ်းသားဟောင်းတွေရဲ့ ဓာတ်ပုံတွေပဲ ဖြစ်ပါတယ်။ ကြေညာချက်ထဲမှာ ဦးဝင်းတင်ရဲ့ ဓာတ်ပုံကိုလည်း တွေ့မြင်ရပါတယ်။

ပထမနဲ့ ဒုတိယဆုနှစ်ဆု တပြိုင်နက်တည်း ရရှိခဲ့တဲ့ ဓာတ်ပုံဆရာ ဂျိမ်းစ် မက်ကေးဟာ လွန်ခဲ့တဲ့ ၆ နှစ် လောက်ကတည်းက မြန်မာပြည်တွင်းနဲ့ နယ်စပ်ဒေသတွေကို သွားရောက်ပြီး သတင်းမှတ်တမ်းဓာတ်ပုံတွေ ရိုက်ကူးခဲ့သူ ဖြစ်ပါတယ်။ ဒီဆုရရှိတာနဲ့ပတ်သက်ပြီး ဂျိမ်းစ် မက်ကေးက အခုလို ဆုနှစ်ဆု ပြိုင်တူရရှိတဲ့အတွက် အထူးပဲ ဂုဏ်ယူမိပါတယ်၊ မြန်မာနိုင်ငံကို စိတ်ဝင်စားမိတာ ကြာပါပြီ၊ ပထမဆုရတဲ့ ဓာတ်ပုံတွေဆိုရင် မယ်တော်ဆေးခန်းက ကလေးငယ်လေးတွေရဲ့ပုံတွေပါ၊ ဒုတိယဆု ရတာက နိုင်ငံရေးအကျဉ်းသားဟောင်းတွေရဲ့ ပုံတွေပါ၊ ဒီပုံတွေကို ကမႝာက မြင်တွေ့ခွင့်ရတဲ့အတွက် အထူးပဲ ဝမ်းမြောက်မိပါတယ်လို့ RFA ကို ပြောပါတယ်။

မြန်မာပြည်အကြောင်း သတင်းဓာတ်ပုံရိုက်ယူရာမှာ တွေ့ရတဲ့ အခက်အခဲတွေကို ပြောဆိုရာမှာ အဓိက ကတော့ စစ်အစိုးရပါပဲ၊ ပြည်ဝင်ခွင့်ရရှိရေးပေါ့၊ ပြီးတော့ ပြည်တွင်းမှာလည်း ကင်မရာ ကြောက်တဲ့လူတွေ အတော်များများ တွေ့ရပါတယ်လို့ ပြောပါတယ်။

ပဲရစ်ဓာတ်ပုံပညာဆုပြိုင်ပွဲဟာ ဥရောပမှာ အကြီးဆုံးနဲ့ အရေးအပါဆုံး ပြိုင်ပွဲတခု ဖြစ်ပါတယ်။ ဒီနှစ်ပြိုင်ပွဲမှာ နိုင်ငံပေါင်း ၈၅ နိုင်ငံက ထောင်နဲ့ချီတဲ့ ပြိုင်ပွဲဝင် ဓာတ်ပုံတွေထဲက ရွေးချယ် ဆုပေးခဲ့တာ ဖြစ်ပါတယ်။

မကြာခင်ကလည်း AI ခေါ် နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ ဗြိတိန်ရုံးခွဲရဲ့ နိုင်ငံတကာ သတင်းမီဒီယာ ဆုပေးပွဲမှာလည်း Burma VJ သတင်းမှတ်တမ်းရုပ်ရှင်ဆု နဲ့ မြန်မာနိုင်ငံတွင်းက သတင်းထောက်တွေကို ပေးတဲ့ အထူးဆုတွေ ချီးမြှင့်ခဲ့ပါတယ်။

ရင်းမြစ်...RFA