အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်တွင်းပြည်ပ မီဒီယာသမားတွေကို အဖွဲ့ချုပ်ရုံးချုပ်မှာ ဒီနေ့ လက်ခံတွေ့ဆုံပါတယ်။
လျှပ်တပြက်၊ မော်နီတာ၊ မြန်မာနယူးစ်ဝိ၊
ဆဲဗင်းဒေး စတဲ့ဂျာနယ်တိုက်တွေက အယ်ဒီတာအဖွဲ့တို့ကို
လက်ခံတွေ့ဆုံတာလို့ အဖွဲ့ချုပ်ပြန်ကြားရေးတာဝန်ခံ ဦးအုန်းကြိုင်က
ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်တဲ့ သတင်း၊ တွေ့ဆုံမေးမြန်းချက်တွေကို
ပြည်တွင်းဂျာနယ်တွေမှာ ဖော်ပြတာကို စာပေစိစစ်ရေးက
ခွင့်ပြုလာတဲ့အပြင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်က
လွတ်မြောက်ခါစက တွေ့ဆုံမေးမြန်းချက်တွေကိုလည်း
ဖော်ပြခွင့်မပြုခဲ့ရာက ပြန်ခွင့်ပြုလို့ ဂျာနယ်တွေမှာ
ဖော်ပြလာပါတယ်။ ဒီ အချိန်မှာ ဂျာနယ်တွေရဲ့ မေတ္တာရပ်ခံချက်ကြောင့်
ဒေါ်အောင်ဆန်းစုကြည်က ခုလို လက်ခံတွေ့ဆုံတာလို့ ဦးအုန်းကြိုင်က
ရှင်းပြပါတယ်။
“ပြောင်းလဲလာတဲ့ နိုင်ငံရေးအခြေအနေတွေပေါ်မှာ စိတ်ဝင်စားကြမှာပေါ့။
အဲဒါတွေကို မေးမြန်းဖို့ တချို့လည်း တွေ့ခွင့်တောင်းကြတယ်။
တွေ့ခွင့်တောင်းတော့ အထွေထွေအတွင်းရေးမှူးကလည်း
လုပ်ငန်းတာဝန်တွေ များနေတော့ မတွေ့နိုင်ဘူးပေါ့။ ဒီနေ့တော့
ရုံးမှာ အဲဒီလိုတောင်းဆိုထားတဲ့ အဖွဲ့တွေကို တနေ့တည်းနဲ့
အပြတ်တွေ့လိုက်တဲ့သဘောပါပဲ။”
ဒေါ်အောင်ဆန်းစုကြည်က ပြည်တွင်းပြည်ပမီဒီယာတွေကို မနက် ၁၀ နာရီကနေ ညနေ ၃ နာရီအထိ
တဖွဲ့ချင်း သီးခြားစီ တွေ့ဆုံတာဖြစ်ပါတယ်။
ရန်ကုန်တိုင်း
နဲ့ ဖလားဝါးနယူးဂျာနယ် အယ်ဒီတာချုပ် ဦးကိုကို၊ ကိုကို
(စက်မှုတက္ကသိုလ်)က ဒေါ်အောင်ဆန်းစုကြည်နဲ့
သီးခြားမေးမြန်းခွင့်ရသမျှကို အကျဉ်းချုပ် ပြောပြပါတယ်။
“အဓိက
မေးမြန်းတာတော့ အများကြီးပါပဲ။ အသေးစိတ်ကတော့ သိပ်မကြာခင်မှာပဲ
အင်တာနက် ဝက်ဆိုက် ကနေ တင်ပေးပါမယ်။ အခု ပြန်နားထောင်နေတဲ့အဆင့်ပဲ
ရှိတယ်။ ပြောတာကတော့ လက်ရှိနိုင်ငံရေး ဖြစ်ပေါ်တိုးတက်မှုအပေါ်မှာ
လက်ရှိသွားနေတဲ့ ဒိုင်ယာလော့အပေါ်မှာ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့
ကျေနပ် မှုရှိတယ်၊ အားရမှုရှိတယ်၊ ပိုမိုမြန်ဆန်လာတာ တွေ့တယ်၊
စသည်ဖြင့်ပြောတယ်။”
source: DVB