ဒီမိုကရေစီပန်းတိုင် အမြန်ရောက်ရှိနိုင်ပါစေ။

Saturday, August 20, 2011

ဒေါ်အောင်ဆန်းစုကြည် အလုပ်ရုံ ဆွေးနွေးပွဲ တက်ရောက်ပြီး ရန်ကုန်ပြန်

အတိုက်အခံခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်သည် စနေနေ့နံနက်က နေပြည်တော်မြန်မာ အပြည်ပြည် ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာနတွင် ပြုလုပ်သော အမျိုးသားအဆင့် စီးပွားဖွံ့ဖြိုးတိုးတက်ရေး အလုပ် ရုံ ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ပြီး ရန်ကုန်သို့ ပြန်လည်ထွက်ခွာသွားပြီ ဖြစ်သည်။


သမ္မတဦးသိန်းစိန်နှင့် နိုင်ငံရေး တွေ့ဆုံဆွေးနွေးခဲ့သော ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာနတွင် ပြုလုပ်သော နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံ  တက်ရောက်ခဲ့ သည်။  
နံနက် ၉နာရီမှ စတင်၍ သူ၏မိတ်ဆွေ သမ္မတ၏ စီးပွားရေးအကြံပေး ဦးမြင့်တို့နှင့်အတူ အလုပ်ရုံ ဆွေးနွေး ပွဲသို့ ၁ နာရီ တက်ရောက်ခဲ့သည်။ ယခု သတင်းပေးပို့ချိန်တွင် ဒေါ်အောင်ဆန်းစုကြသည် အစိုးရ၏ လုံခြုံရေး အစီအစဉ်ဖြင့်ပင် ရန်ကုန်သို့ ပြန်လည်ထွက်ခွာသွားပြီဟု သိရသည်။

ဆွေးနွေးပွဲ ခေတ္တ ရပ်နားချိန်တွင် ပြည်ထောင်စု ဝန်ကြီးများနှင့်အတူ နိုင်ငံ့ရေးရာများ ပြောဖြစ်ခဲ့ကြသည်ဟု သတင်းရပ်ကွက်တခုက ပြောသည်။ ဝန်ကြီးများ ထွက်ခွာသွားချိန်တွင် စီးပွားရေး လုပ်ငန်းရှင်များဖြစ်သော ဦးအောင်ကိုဝင်း၊ ဦးထွန်းမြင့်နိုင်နှင့် ဦးဇော်ဇော်တို့နှင့် စကားလက်ဆုံ ကျခဲ့သည်။ ထို့အပြင် စီးပွားရေး လုပ်ငန်းရှင်များက ဓာတ်ပုံအတူ တွဲရိုက်ရန် တောင်းဆိုရာ ဓာတ်ပုံရိုက်ခဲ့သည်။

သောကြာနေ့က သမ္မတ ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ သမ္မတ အိမ်တော်ရုံးခန်းတွင် ပထမဆုံး အကြိမ်အဖြစ် ဆွေးနွေးခဲ့ကြသည်။

မတူကွဲပြားချက်များကို ဘေးဖယ်လျက် "နိုင်ငံနှင့် ပြည်သူလူထု အတွက် အမှန်တကယ် အကျိုးရှိစေမည့် ဘုံအကျိုးစီးပွားများမှ ပူးပေါင်းဆောင်ရွက်မည့် အလားအလာများအား ရင်းနှီးစွာ ဆွေးနွေးခဲ့” သည်ဟု
နိုင်ငံပိုင် MRTV-4 ရုပ်မြင်သံကြား ထုတ်လွှင့်ချက်တွင် ပါရှိသည်။
source: Mizzima