ဓာတ်ပုံများကို DVB , Mizzima , AP တို့မှကူးယူဖော်ပြပါသည်။
ဇီးအိုသစ်လှအတွက် အကူညီလို
သတင်းလွှင့်တင်ချိန်- မြန်မာစံတော်ချိန် ၂ နာရီ ၂၆ မိနစ်
ဒေါ်အောင်ဆန်းစုကြည်သည် ဇီးအိုသစ်လှရွာရှိ အင်းကြင်းတောသို့ သွားရောက်ကြည့်ရှုခဲ့ပြီး နေ့လည် ၂ နာရီ ၁ဝ မိနစ်ခန့်တွင် ဟိုတယ်သို့ ပြန်လည် ရောက်ရှိလာပြီ ဖြစ်သည်။
ဒေါ်စုသည် နေ့လည် ၁ နာရီခန့်က ဇီးအိုသစ်လှရွာ ဘုန်းတော်ကြီးကျောင်းသို့ သွားရောက်ကာ ကျောင်းထိုင် ဆရာတော်ကို ဝတ္ထုငွေ ကပ်လှူခဲ့သေးသည်။ ထို့အပြင် ဘုန်းတော်ကြီး ကျောင်းဝင်းအတွင်းရှိ ဒေသခံများမှ သက်တမ်း ၁,၀၀၀ ခန့်ရှိပြီဟု ယုံကြည်နေကြသော "မကျည်းကိုးခွ" မကျည်းပင်ကြီးကို နောက်ခံထားကာ သတင်းစာ ဆရာများကို မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ယူခွင့် ပေးခဲ့သည်။
ထို့အပြင် ဇီးအိုသစ်လှရွာ၏ လိုအပ်ချက်များဖြစ်သည့် သောက်ရေ ရရှိရေး၊ ကျန်းမာရေး ဆေးပေးခန်း ဖွင့်နိုင်ရေးနှင့် ဇီးအိုသစ်လှရွာ၏ ပညာရေးတို့အတွက် အကူအညီပေးကြရန်လည်း သတင်းစာဆရာများကို တိုက်တွန်း သွားခဲ့သေးသည်။
ဒေါ်စု အရှင်ဆန္ဒာဓိကကိုဖူး
သတင်းလွှင့်တင်ချိန်- မြန်မာစံတော်ချိန် ၇ နာရီ ၁၇ မိနစ်
ပုဂံသို့ ဘုရားဖူးရောက်နေသည့် ဒေါ်အောင်ဆန်းစုကြည်သည် ဒုတိယမြောက်နေ့ဖြစ်သည့် အင်္ဂါနေ့ ညနေပိုင်း တွင် နိုင်ငံကျော် ရွှေပါရမီတောရ ဆရာတော် အရှင်ဆန္ဒာဓိကနှင့် ၁ နာရီခန့်ကြာ တွေ့ဆုံဖူးမျှော်ခဲ့သည်။
သက်တော် ၄၃ နှစ်အရွယ်ရှိ အရှင်ဆန္ဒာဓိကသည် တိုက်ဆိုင်စွာ ဟိုတယ် တခုတည်းတွင် တည်းခိုနေသည့်
ဒေါ်အောင်ဆန်းစုကြည်အား တွေ့ဆုံလိုသည်ဟု လုံခြုံရေးတာဝန် ယူပေးနေသည့် အဖွဲ့များက ပြောသည်။
“ဟိုတယ်မှာဆုံတာ အရှင်ဆန္ဒာဓိကကလည်း ဒေါ်အောင်ဆန်းစုကြည်ကို အမေစု လို့ အသုံးအနှုန်းမျိုးနဲ့ ခေါ်ပြောတာတွေ အဲဒီလို အသုံးအနှုန်းတွေ သုံးတာ တွေ့တယ်။
ထူးထူးခြားခြားကြီး တွေ့ဆုံတာမျိုးတော့ မဟုတ်ပါဘူးဗျာ … ဆရာတော်က တွေ့ချင်တယ်ဆိုတာနဲ့ ဖူးဖြစ်သွားတာ” ဟု တာဝန်ဖြင့် လိုက်ပါသွားသူ တဦးက ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်အား မိန့်ကြားမှုများကို ကြားသိခွင့် မရခဲ့ဟု ဆိုသည်။
အရှင်ဆန္ဒာဓိကသည် ရေနံချောင်းဇာတိဖြစ်ပြီး တရားဟောခြင်းနှင့် ဓမ္မစာများ ရေးသားခြင်းတို့ကြောင့် နိုင်ငံအဝှမ်း လူသိများသည်။
ပစ္စည်းလေးပါး ဒါယိကာမ အဖြစ် ခံယူ
သတင်းလွှင့်တင်ချိန်- မြန်မာစံတော်ချိန် ၆ နာရီ ၅၃ မိနစ်
ညနေ ၆ နာရီခွဲခန့်တွင် ဒေါ်အောင်ဆန်းစုကြည်သည် ပုဂံမြို့သစ် ရပ်ကွက်ရှိ ဦးဘငြိမ်း ယွန်းထည်ဆိုင်သို့ သွားရောက်ကာ ပုဂံအမှတ်တရ ယွန်းထည် ပစ္စည်းများ ဝယ်ယူသည်။ ထိုမှတဆင့် Bagan House ယွန်းထည် အလုပ်ရုံသို့ သွားရောက် လေ့လာခဲ့ပြီး ယခုသတင်းပေးပို့ချိန်တွင် တည်းခိုရိပ်သာသို့ ပြန်သွားပြီ ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်သည် ပုဂံမြို့ သရပါ တံခါးအနီးရှိ ဝါးတော ကျောင်းတိုက်သို့ သွားရောက်ကာ ကျောင်းထိုင် ဆရာတော်ကို သင်္ကန်း ကပ်လှူခဲ့သေးသည်။ ထိုအပြင် ထိုကျောင်းတိုက်ရှိ ကိုရင်လေးပါးအား ပဉ္ဖင်း ဝတ်နိုင်သည့် အသက်အရွယ်အထိ ပစ္စည်းလေးပါး ဒါယိကာမ အဖြစ်ခံယူခဲ့သည်။
ဟိုတယ်သို့ ပြန်ရောက်ပြီ
ဟိုတယ်သို့ ပြန်ရောက်ပြီသတင်းလွှင့်တင်ချိန်- မြန်မာစံတော်ချိန် ၁ နာရီ ၅၆ မိနစ်
ပုဂံသို့ ပြန်လာသည့် ဒေါ်အောင်ဆန်းစုကြည်သည် ယခု သတင်းပေးပို့ချိန်တွင် တည်းခိုးရာ ဟိုတည်တွင်းသို့
ပြန်လည် ဝင်ရောက်သွားပြီ ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်သည် နေ့လည်စာထမင်းကို ပုဂံမြို့ သရပါ တံခါးအနီးရှိ ဆိုင်နာမည်မရှိသော ထမင်းဆိုင်လေး တခုတွင် စားသုံးခဲ့သည်။
“ အဲဒီ ထမင်းဆိုင်လေးကဗျာ အရပ်သားတွေစားတဲ့ သာမန် ထမင်းဆိုင်လေးပဲ။ ကုက္ကိုလ်ပင်အောက်လေးဆိုတော့ လမ်းဘေး ထမင်းဆိုင်လေးပဲ အညာဆန်ဆန်လေးပေါ့။ ဘေးမှာလည်း ဘုရားတွေဘာတွေရှိတယ်ဗျ ထည်ထည်ဝါဝါမရှိဘူး၊ ဒီအတိုင်းလေးပဲ ခုံလေးတွေနဲ့ ဆိုင်နာမည်လည်း မရှိဘူး” ဟု သတင်းထောက်တဦးက မဇ္ဈိမသို့ ပြောသည်။
ထမင်းစားသုံးနေစဉ်အတွင်း နိုင်ငံခြားသားများ အပါအဝင် ဒေသခံ အယောက် ၂၀၀ ခန့် လာရောက် နှုတ်ဆက်ခဲ့ကြပြီး၊ ဒေသခံများ၏ တောင်းဆိုမှုကြောင့် အော်တိုလက်မှတ် ရေးထိုးပေးခဲ့သည်။
“ အဲဒီမှာ ကောင်မလေးတွေက အန်တီစုကို လက်မှတ်လေးထိုးပေးပါတို့၊ လက်မှတ်ထိုးပေးရင်းနဲ့ အန်တီစုကို
တွေ့တော့ ငိုတာတို့ဘာတို့ အဲဒါမျိုးတွေရှိတယ် နောက်ပြီးတော့ အင်္ကျီတွေမှာလည်း လက်မှတ်ထိုးခိုင်းတယ်
တော်တော်လေး လူအုံသွားတယ်” ဟု သတင်းထောက်က ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်၏ ပုဂံမြို့တွင် ညအိပ်လည်ပတ်မှု ပထမဆုံးဖြစ်ပြီး သူနောက်ဆုံး ပုဂံရှေးဟောင်းမြို့သို့ ရောက်ရှိခဲ့ဖူးသည်က ၁၉၈၈ ခုနှစ်အတွင်း ဖြစ်သည်။
ပုဂံမြို့ အလှအပနှင့် အစားအသောက်များကို ချီးကျူး ပြောဆိုသွားခဲ့ကြောင်း ဟိုတယ်ဝန်ထမ်းတဦးက ပြောသည်။
ပုဂံမြို့သို့အပြန်
သတင်းလွှင့်တင်ချိန်- မြန်မာစံတော်ချိန် ၁၂ နာရီ ၃၃ မိနစ်
ဒေါ်အောင်ဆန်းစုကြည်သည် ကျောက်ပန်းတောင်းမြို့နယ် ပုပ္ပါးတောင်တက်လမ်းပေါ်ရှိ သစ်တောပြခန်းသို့ လှည့်လည် ကြည့်ရှု့ခဲ့ပြီးနောက် ပုဂံမြို့ဘက်သို့ အပြန် ဗျတ္တပန်းဆက်လမ်းပေါ်တွင် ရောက်ရှိနေပြီဖြစ်သည်။
နံနက် ၁၁ နာရီက သစ်တောဦးစီးဌာနပိုင် ပြခန်းသို့ ရောက်ရှိရာ ပြခန်းတာဝန်ရှိသူ အမျိုးသမီး သုံးဦးက ကြိုဆိုနှုတ်ဆက်ပြီး ပြခန်းတွင် ပြသထားသော အပင်များနှင့် ပရဆေးပင်များ အကြောင်း ရှင်းလင်း
ပြောကြားကြသည်။
ထို့နောက် ကျောက်ပန်းတောင်းမြို့နယ် ကွက်သစ်ရွာ တိုးချဲ့ရပ်ကွက်ရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင် တဦး၏ ခြံဝင်းသို့ နာရီဝက်ခန့် ဝင်ရောက်လည်ပတ်သေးသည်။
အင်ကြင်းတောတွင် လှည့်လည်ကြည့်ရှု့
သတင်းလွှင့်တင်ချိန်- မြန်မာစံတော်ချိန် ၁၀ နာရီ ၄၂ မိနစ်
ဒေါ်အောင်ဆန်းစုကြည်၏ ၃ ရက်မြောက် ပုဂံခရီးစဉ်ကို ဗုဒ္ဓဟူးနေ့ နံနက် ၉ နာရီ ၁ဝ မိနစ်တွင် တည်းခိုရာနေရာမှ စထွက်ခွာလာရာ ယခုအချိန်တွင် အင်ကြင်းတောသို့ ရောက်ရှိနေပြီ ဖြစ်သည်။
ဗျတ္တ ပန်းဆက်လမ်းမှတဆင့် ထွက်ခွာခဲ့သည့် ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်နှင့် သူ၏ သားစီးသည့် ကားအပါအဝင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လုံခြုံရေးကား ၂ စီး၊ သတင်းစာဆရာများ၏ ကားများ စုစုပေါင်း ၁ဝ စီးပါဝင်သည်။
ဗျတ္တ ပန်းဆက်လမ်းသည် မန္တလေးတိုင်း ကျောက်ပန်းတောင်း မြို့နယ်အတွင်း တည်ရှိပြီး ဒေါ်အောင်ဆန်းစုကြည် ခရီးထွက်လာသည်ကို ဒေသခံပြည်သူများမှ မသိရှိကြပေ။
ယနေ့ ခရီးစဉ်နှင့် ပတ်သက်ပြီး သတင်းစာဆရာများကို လျို့ဝှက်ထားခဲ့သော်လည်း ညောင်ဦးမြို့ စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့က အစော ကတည်းကပင် သတင်း ကြိုတင်ရနေခဲ့သည်ကို မဇ္ဈိမက စုံစမ်းသိရှိရသည်။
အင်ကြင်းတောသို့ သွား
(၆)ရက်နေ့ သတင်းလွှင့်တင်ချိန်- မြန်မာစံတော်ချိန် ၁၀ နာရီ ၁၅ မိနစ်
ဒေါ်အောင်ဆန်းစုကြည်သည် ပုဂံမြို့မှနေ၍ ကျောက်ပန်းတောင်းမြို့နယ် တူရွင်းတောင်ခြေ အနီးရှိ အင်ကြင်းတောသို့ ဗုဒ္ဓဟူးနေ့ နံနက်တွင် ထွက်ခွာသွားသည်။
ပုဂံမြို့ဟောင်း၌ အင်္ဂါမနက် ဘုရားဖူးထွက်ချိန်တွင် ဒေါ်အောင်ဆန်းစုကြည်ကို ဒေသခံများက လက်ဆွဲနှုတ်ဆက်ကာ ကြိုဆိုခဲ့ကြသည်။
ထို့အပြင် သွားရောက်ဖူးမျှော်သည့် ဘုရားတိုင်းတွင် ဂေါပက အဖွဲ့ဝင် တဦးစီက ပန်းစည်းကမ်း၍ ကြိုဆိုခဲ့သည်။
ယခု သတင်းပေးပို့ချိန်တွင် မန္တလေးတိုင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် တာဝန်ရှိသူများနှင့် ဒေါ်အောင်ဆန်းစုကြည်သည် ဟိုတယ်၌ တွေ့ဆုံနေသည်။
ဘုရားဖူးထွက်ပြီ
သတင်းလွှင့်တင်ချိန်- မြန်မာစံတော်ချိန် ၈ နာရီ ၄၀ မိနစ်
ဒေါ်အောင်ဆန်းစုကြည်သည် အင်္ဂါနေ့ နံနက် ၇ နာရီ ၁၅ မိနစ်တွင် အာနန္ဒာ ဘုရားသို့ ရောက်ရှိ ဖူးမျှော်သည်။ ထိုမှတဆင့် သဗ္ဗုညုဘုရား၊ မြစေတီသို့ သွားခဲ့ပြီးနောက် ယခု သတင်းပေးပို့ချိန်တွင် မနုဟာဘုရားသို့ သွားရောက်လျက် ရှိသည်။
အစောပိုင်းက သတင်းထောက်များကို သူက ပြောကြားရာတွင် ပါတီရုံးချုပ်တွင် အလုပ်များနေခဲ့သော်လည်း ဘုရားဖူးခရီးစဉ်မှာ စိတ်ချမ်းသာဖွယ်ဖြစ်သည်ဟု ထည့်သွင်းပြောကြားသွားခဲ့ပြီး ဟိုတယ် ဝန်ထမ်းများ၏ စေတနာကောင်းကြောင်းကိုလည်း အမှတ်တရ ပြောသွားခဲ့သေးသည်။
ဒေါ်စုကို ပန်းစီးမကမ်းရန် ညွှန်ကြား
သတင်းလွှင့်တင်ချိန်- မြန်မာစံတော်ချိန် ၇ နာရီ ၀၅ မိနစ်
ပုဂံနှင့် ညောင်ဦး ဘုရား၊ စေတီပုထိုးများသို့ ဒေါ်အောင်ဆန်းစုကြည် လာရောက်ဖူးမျှော်လျှင် ဘုရားဂေါပက အဖွဲ့ဝင်များ ကြိုဆိုခြင်း၊ ပန်းစီးကမ်းခြင်း မပြုရန် ညောင်ဦးမြို့နယ် အုပ်ချုပ်ရေးမှူးက ညွှန်ကြားထားသည်။
“ဘုရားလူကြီးတွေ အနေနဲ့ ဒေါ်အောင်ဆန်းစုကြည် ဘုရားဖူး တက်လာရင် ပန်းစည်းပေးတာတို့၊ ကြိုဆိုတာတို့ မလုပ်ရဘူးလို့ ပြောတယ်။ ကျနော်တို့ ဈေးသည်တွေတော့ မပေးနဲ့ ဘာညာ ပြောမထားဘူး” ဟု ညောင်ဦးရှိ
ရွှေစည်းခုံ စေတီမုခ်ဦးတွင် ပုဂံအမှတ်တရ လက်ဆောင်များ ရောင်းနေသည့် ဈေးသည်တဦးက မဇ္ဈိမကို ပြောသည်။
ညောင်ဦးဈေးသည်များ ပန်းစီးဖြင့် ကြို
သတင်းလွှင့်တင်ချိန်- မြန်မာစံတော်ချိန် ၇ နာရီ ၀၅ မိနစ်
ဒေါ်အောင်ဆန်းစုကြည်သည် တနင်္လာမနက်ပိုင်းတွင် ပုဂံ၊ ညောင်ဦးသို့ ဘုရားဖူးခရီးစဉ် ရှိကြောင်း ပြည်ပအခြေစိုက်
ရေဒီယို သတင်းဌာနများမှတဆင့်သာ ညောင်ဦးမှ ဈေးသည်များ ကြားသိရပြီး၊ ယနေ့မနက်တွင် ပုဂံရှိ မနူဟာ ဘုရားပေါ်၌ ပန်းစီးများနှင့် သွားရောက် စောင့်ဆိုင်းခဲ့ကြသည်။
“ဒီနေ့ နေ့လည် ၂ နာရီလောက်ထိ သွားစောင့်သေးတယ်။ မလာတာနဲ့ ပြန်လာတာ။ မနက်ဖြန် သွားပြီး
ပြန်စောင့်ကြမယ်။ ပန်းစီးတွေ ပေးကြမယ် ပြောတယ်။ ရုပ်ရှင်မင်းသား မင်းသမီးတွေက ကြည့်ရတာ လွယ်တယ်။ ကျမတို့ ဗိုလ်ချုပ်သမီးက တသက်မှာ တခါကြည့်ရဖို့ မလွယ်ဘူး။ မြင်ဘူးချင်လွန်းလို့” ဟု အင်္ဂါနေ့တွင် ဘုရားဖူးလာမည့် ဒေါ်အောင်ဆန်းစုကြည်ကို ပန်းစီးဖြင့် ကြိုဆိုမည့် ညောင်ဦးဈေးသည် တဦးက ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်အား တွေ့လိုကြသည့် ပခုက္ကူ၊ ပွင့်ဖြူ၊ ချောက်၊ ကမ္မ၊ ကျောက်ပန်းတောင်း စသည့် မြို့နယ်များမှ NLD အဖွဲ့ဝင်အချို့လည်း ပုဂံနှင့် ညောင်ဦးသို့ လာရောက် စောင့်ဆိုင်းနေကြသည်။
“ ဒီနေ့ ချောက်ကလာတဲ့ လူငယ်အဖွဲ့ဝင် ၃ ဦးကို ဒေါ်စုတည်းတဲ့ ဟော်တယ်နဲ့ သိပ်မဝေးတဲ့ ပုဂံ ဝါးကျောင်းမှာ ဆရာတော်ကို သွားလျှောက်တော့ ဆရာတော်က အာဏာပိုင်တွေ လာရစ်မှာကို မခံနိုင်လို့ လက်မခံရဲဘူး ပြောလို့ အခု တည်းခိုခန်းမှာ ငှားပေးလိုက်ရတယ်” ဟု ညောင်ဦးမြို့ နိုင်ငံရေး အကျဉ်းသား မိသားစုဝင် တဦးက ဆိုသည်။
ပုဂံရောက် ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ရှိရန် အားခဲနေကြသည်ဟု မြို့ခံများက ပြောသည်။
ဟိုတယ်တွင် အနားယူ
သတင်းလွှင့်တင်ချိန်- မြန်မာစံတော်ချိန် ၂ နာရီ ၃၃ မိနစ်
ပုဂံသို့ ရောက်ရှိနေသည့် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့တွင် ဘုရားဖူးထွက်မည် မဟုတ်ဘဲ ဟိုတယ်တွင်ပင် အနားယူမှာဖြစ်ကြောင်း ခရီးစဉ်တွင် ကြိုဆိုရေး လုပ်ဆောင်ခဲ့သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင် တဦးက ပြောသည်။
ဘုရားဖူးလာသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမည့် အစီအစဉ်အား ပုဂံအနီးတဝိုက်ရှိ နိုင်ငံရေး အကျဉ်းသား မိသားစုဝင်များက ဖျက်သိမ်းလိုက်သည်။
“အန်တီစု အနားယူနေတဲ့အချိန်ကို အနှောင့်အယှက်ပေးရာ မကျအောင် မတွေ့တော့ဘူးလို့ ဆုံးဖြတ်လိုက်တာပါ။ အစက တွေ့ဖို့ ရည်ရွယ်ပြီး လာခဲ့ကြတာ” ဟု ညောင်ဦးမြို့နယ်မှ ထောင်ဒဏ် ၅ နှစ် ကျခံနေရသည့် ဦးဇော်ဇော်၏ ဇနီး ဒေါ်ဋ္ဌေးက မဇ္ဈိမကို ပြောသည်။
တွေ့ဆုံလိုသူများမှာ ၂ဝဝ၉ စက်တင်ဘာနှင့် အောက်တိုဘာအတွင်း မန္တလေးတိုင်း ကျောက်ပန်းတောင်း၊ မြင်းခြံနှင့် ညောင်ဦးမြို့များတွင် နိုင်ငံရေး တက်ကြွလှုပ်ရှားသဖြင့် ထောင်ဒဏ် ၂ နှစ်မှ ၇၁ နှစ်ထိ ချမှတ်ခံထားရသူ ၁၅ ဦး၏ မိသားစုဝင် ၂၀ ခန့် ဖြစ်သည်။
သတင်းလွှင့်တင်ချိန်- မြန်မာစံတော်ချိန် ၁၀ နာရီ ၅၉ မိနစ်
ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်က ဒေသခံများကို ကြိုဆိုခြင်း မပြုရန် ကြိုတင် မှာကြားထားမှု ရှိသည်ဟု ပါတီ သတင်းရပ်ကွက်များက ပြောသည်။
ခရီးစဉ်နှင့် လိုက်ပါသွားသူ သတင်းထောက် တယောက်က “ ပတ်ဝန်းကျင်က အေးဆေးပဲ၊ အားလုံး ငြိမ်းငြိမ်းချမ်းချမ်းပဲ” ဟု ပြောသည်။
“လုံခြုံရေးကတော့ အရပ်ဝတ်တွေနဲ့ ၃ဝ လောက်ရှိတယ်၊ ဟိုတယ် ပရဝဏ် အပြင်မှာပေါ့။ တနေရာမှာ ၄၊ ၅ ယောက်လောက် စုစုပြီး နေကြတယ်။ အတွင်းပိုင်းမှာရော၊ အပြင်ဘက်မှာ သူ့ဘာသာသူ လာပြီး လုံခြုံရေး ယူပေးတာ အများကြီး ရှိတယ်။ အရပ်ဝတ်တွေနဲ့ရော အက်စ်ဘီ၊ စရဖရော ၃ဝ လောက်ရှိတယ်။ ဟိုတယ်ပတ်ဝန်းကျင် ပတ်ပတ်လည်မှာ အဝင်အထွက်ကို ကြည့်ပြီးတော့ စောင့်ကြည့်နေတယ်”
ဒေါ်စု ခရီးစဉ်အတွင်း လိုက်ပါသွားသည့် သတင်းထောက်တဦးက မဇ္ဈိမကို ပြောသည်။
သတင်းလွှင့်တင်ချိန်- မြန်မာစံတော်ချိန် ၁၀ နာရီ ၃၃ မိနစ်
ဒေါ်အောင်ဆန်းစုကြည်မှာ ဟိုတယ်ထဲမှာပင် ရှိနေသေးပြီး ခရီးစဉ်ကို ကြိုမသိသေးသော သတင်းစာဆရာများမှာ ဟိုတယ်ရှေ့တွင် စောင့်ဆိုင်းနေကြသည်။
ပုဂံမြို့ရှိ Bagan Hotel River View သို့ ရောက်ရှိ
သတင်းလွှင့်တင်ချိန်- မြန်မာစံတော်ချိန် ၁၀ နာရီ ၃၂ မိနစ်
ဒေါ်စု ပုဂံရောက်ပြီ
အဲမန္တလေးလေကြောင်းဖြင့် လိုက်ပါလာသော ဒေါ်အောင်ဆန်းစုကြည်သည် တနင်္လာနေ့ နံနက် ၈ နာရီ ၂ဝ မိနစ်တွင် ညောင်ဦးလေဆိပ်သို့ ရောက်ရှိပြီး ယခုသတင်းပေးပို့ချိန်တွင် Bagan Hotel River View တွင် ရောက်ရှိနေပြီဟု မဇ္ဈိမသတင်းထောက်က ပေးပို့သည်။ မြန်မာ့လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်း၏ သမီးက ညောင်ဦးလေဆိပ်မှ ပုဂံရှိဟိုတယ်သို့ ကားဖြင့်သွားသည့် ၁၂ မိနစ်ကြာ ခရီးတွင် ဒေသခံ ပြည်သူများမှ ၇ ယောက်တဖွဲ့၊ ၅ ယောက်တဖွဲ့ တို့မှ လက်ပြ နှုတ်ဆက်ခဲ့ကြသည်။
ဒေါ်အောင်ဆန်းစုကြည် ပုဂံသို့ ထွက်ခွာ
ချင်းမိုင်(မဇ္ဈိမ) ။ ။ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာ အပြီး ပထမဆုံး နယ်ဘက်ခရီးစဉ် ဖြစ်သော ပုဂံရှေးဟောင်းမြို့တော်သို့ အဲမန္တလေး လေကြောင်း ဖြင့် တနင်္လာနေ့နံနက်တွင် ထွက်ခွာသွားပြီ ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်၏ အနီးကပ် လုံခြုံရေးအဖြစ် ဦးဟံသာမြင့်၊ ဦးစိုးဝင်း၊ ဦးကျော်စိုးနိုင်တို့လည်း လေယာဉ် တွင် တပါတည်း လိုက်ပါသွားသည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ခေါင်းဆောင်သည် ပုဂံရှိ Bagan Hotel River View ဟိုတယ်တွင် ၄ ရက်ကြာ တည်းခိုမည်ဖြစ်ပြီး လာမည့် သောကြာနေ့တွင် ရန်ကုန်သို့ ပြန်လည် ရောက်ရှိမည် ဖြစ်သည်။
ခရီးစဉ်သည် နိုဝင်ဘာ ၁၃ ရက်၊ ၂ဝ၁ဝ ပြည့်နှစ် နေအိမ်အချုပ်မှ သူ လွတ်မြောက်လာပြီးနောက် ရန်ကုန်မြို့ အပြင်ဘက်သို့ ပထမဆုံး ထွက်ခွာခြင်း ဖြစ်သည်။ မန္တလေးတိုင်းမှ NLD အဖွဲ့ဝင် အယောက် ၂၀ ခန့် တနင်္ဂနွေနေ့ ကတည်းက ပုဂံသို့ သွားရောက်ကာ စောင့်ကြိုနေကြပြီ ဖြစ်သည်။
မြန်မာနိုင်ငံသို့ အလည်အပတ် ရောက်ရှိနေသော ဒေါ်အေင်ဆန်းစုကြည်၏ သားငယ် ကိုထိန်လင်းက တနင်္ဂနွေနေ့ နံနက်ကတည်းက ကားဖြင့် ပုဂံသို့ သွားရောက်ခဲ့သည်။ ကိုထိန်လင်းနှင့် အတူ NLD လူငယ် ၁၄ ယောက်လည်း လိုက်ပါသွားခဲ့သည်။
မိသားစု ခရီးစဉ် ဖြစ်နေခြင်းနှင့် လူထု ထောက်ခံမှုများပြားပြီး ရှုပ်ထွေးမှုများ ဖြစ်မည်စိုးသောကြောင့် ပုံမှန် လုံခြုံရေးအဖြစ် NLD အဖွဲ့ဝင် အနည်းငယ်သာ လိုက်ပါသွားခြင်း ဖြစ်သည်ဟုလည်း အန်အယ်ဒီ ရုံးအဖွဲ့မှူး ဦးဝင်းထိန်က ဆိုသည်။
“လုံခြုံရေးကတော့ ကျနော်တို့ ပုံမှန်လောက်ပါပဲ။ လေကြောင်းလိုင်းတွေမှာလည်း လုံခြုံရေး ရှိတယ်လေ ။ ကျနော်တို့က ထွေထွေထူးထူးတော့ သိပ်မလိုဘူး ဘာ့ကြောင့်လဲဆိုတော့ လူကြားထဲမှာ ထင်ယောင်ထင်မှား ဖြစ်မှာလည်း စိုးတယ် အဲဒီတော့ ကျနော်တို့ ပုံမှန် လှုပ်ရှားမှုနဲ့ပဲ လှုပ်ရှားကြတာပါ” ဟု ဦးဝင်းထိန်က ပြောသည်။