အကြောင်း ကြောင်းတွေကြောင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်ခံပြီး ရွေးကောက်ပွဲ ဝင်ခဲ့ကြတဲ့ နိုင်ငံရေးပါတီခေါင်းဆောင်အသီးသီးက ဒေါ်အောင်ဆန်းစုကြည်ရဲ့ အပစ်အခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ ပါဝင်ကြိုးပမ်းဆောင်ရွက်မယ်ဆိုတဲ့ အပေါ် ကြိုဆိုလိုက်ကြတာပါ။
အဲဒီထဲက ပြည်တွင်းစစ်ရပ်စဲရေးအတွက် နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးနည်းနဲ့သာဖြေရှင်းဖို့အပါအဝင် အားလုံးပါဝင်ခွင့်ရမယ့် ပြည်ထောင်စုညီလာခံတရပ်ခေါ်ယူဖို့အထိ တောင်းဆိုထားတဲ့ ဒီမိုကရက်တစ်မိတ် ဆွေပါတီတွေထဲက အမျိုးသားဒီမိုကရေစီအင်အားစု NDF ပါတီရဲ့ ခေါင်းဆောင် တဦးဖြစ်တဲ့ ဦးခင်မောင်ဆွေက အခုလိုပြောပါတယ်။
“ဒေါ် အောင်ဆန်းစုကြည်က အခု ဒီ အပစ်အခတ် ဖြစ်နေတဲ့ ကိစ္စတွေကို ရပ်ဆိုင်းသွားအောင် သူကြိုးပမ်းဆောင်ရွက်မယ် ဆိုတဲ့ဟာကို ကြားရတဲ့အတွက် ကျနော်တို့ ပိုပြီးတော့ အားတက်မိတာပေါ့ဗျာ။ ဒေါ်အောင်ဆန်းစုကြည်က မကြာခင်ကပဲ အစိုးရသစ်က ဝန်ကြီး ဦးအောင်ကြည်နဲ့ တွေ့သွားပြီ ဆိုတဲ့ အခါကျတော့ ဒီကိစ္စတွေလည်း ပါကောင်း ပါမယ်ပေါ့ဗျာ။ မပါရင်လည်းဘဲ ဒီကိစ္စနဲ့ ပတ်သက်တဲ့ တိုင်းပြည်မှာရှိတဲ့ ပြည်သူလူထု စိတ်ချမ်းသာအောင် ဆောင်ရွက်ဖို့ အခွင့်အလမ်းတွေကို ရှာဖွေတယ်ဆိုတော့ ဒီကိစ္စကလည်း ပြည်သူတွေ စိတ်ချမ်းသာစရာ ဖြစ်မယ့် အပစ်အခတ်ရပ်စဲရေးကို ရည်ရွယ်တာလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်လို ကျနော်တို့ ဒီနိုင်ငံမှာ ထင်ရှားတဲ့ ဒီမိုကရေစီခေါင်းဆောင်၊ ဒီမိုကရေစီရဲ့ မီးရှူးတန်ဆောင်လို့ ကျနော်တို့ တင်စားထားတဲ့ ပုဂ္ဂိုလ်က ဒီကိစ္စကို ကိုင်တွယ်မယ် ဆိုတဲ့အခါကျတော့ ကျနော်တို့ မျှော်လင့်တာတွေထက် ပိုပြီးတော့ ဖြစ်မြောက်လာနိုင်စရာ လမ်းစေတွေတော့ ရှိလာပြီလို့ ကျနော်တို့ ယူဆပါတယ်။”
ပြီးခဲ့တဲ့ ရက်ပိုင်းတွေကလည်း ရွေးကောက်ပွဲဝင်ခဲ့တဲ့ တိုင်းရင်းသားပါတီတွေက ဒီပဋိပက္ခတွေ ချုပ်ငြိမ်းရေးအတွက် ငြိမ်းချမ်းရေးကော်မတီတရပ်ဖွဲ့စည်းခွင့်ပေးဖို့ ရွေးကောက်ပွဲကျင်းပ ရေးကော်မရှင်ကို တင်ပြခဲ့ပေမယ့် လည်း ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက လာမယ့် ပြည်ထောင်စုလွှတ်တော်မှာ တင်ပြဆွေးနွေးဖို့သာ အကြောင်းပြန်ကြားခဲ့ပါတယ်။
ဒီအခြေအနေ တွေအပေါ်မှာ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ပါဝင်ဆောင်ရွက်တဲ့အခါမှာ တွေ့ကြုံရနိုင်တဲ့ အစိုးရဘက်က သဘောထားတွေကိုလည်း ဒီမိုကရေစီမိတ်ဆွေပါတီတွေထဲက ဒီမိုကရက်တစ်ပါတီ (မြန်မာ) ရဲ့ ဥက္ကဋ္ဌ ဦးသုဝေက အခုလို ထောက်ပြပါတယ်။
“ ကော်မရှင်ဥက္ကဋ္ဌဦးတင်အေးက ဖြေသွားတာ ရှိတယ်ခင်ဗျ။ ကျနော်တို့ အစည်းအဝေးမှာပေါ့။ သူက ဘာဖြေသွားလဲဆိုတော့ ဒီငြိမ်းချမ်းရေးရအောင် လုပ်တဲ့နည်းက ဒါ သူတို့က တိုင်းပြည်မှာ တပ်မတော် တခုတည်း ရှိရမယ်၊ အဲဒါကြောင့်မို့လို့ သူတို့က နယ်ခြားစောင့်တပ်ဆိုတာတွေကို ဖွဲ့ပေးလိုက်တယ်။ အဲဒါတွေကို စည်းကမ်းအတိုင်း လုပ်မယ်ဆိုရင်ဖြင့် ဒါ ငြိမ်းချမ်းရေး ရသွားမယ်ပေါ့။ အဲဒီ နည်းလမ်းလို့ သူတို့က ဆိုပါတယ်ဗျာ။ အဲဒါကို အစိုးရရယ်၊ လက်နက်ကိုင်တဲ့ တော်လှန်ရေးသမားတွေရယ် သူတို့ နှစ်ဖက်စလုံးက နည်းလမ်းရှာပြီးတော့ အကောင်းဆုံး အညင်သာဆုံးနဲ့ ရအောင် လုပ်ပေးစေချင်တာပဲ။ အဲဒါကို သူတို့ကိုပဲ ကျနော်တို့က တိုက်တွန်းရမှာပေါ့နော်။”
ဒီအပေါ်ကိုပဲ ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီရဲ့ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်ကလည်း အခုလိုပြောပါတယ်။
“တိုင်းရင်း သားဒေသတွေနဲ့ ပတ်သက်လို့ ထဲထဲဝင်ဝင် ကျွမ်းကျင်တဲ့ ပုဂ္ဂိုလ်ပေါ့ဗျာ။ တိုင်းရင်းသားပေါင်းစုံပါတဲ့ အဖွဲ့များ ဖွဲ့ပြီးကာမှ ဘာကြောင့် နှစ်ပေါင်း ၆၀ ကျော်လောက် ပြည်တွင်းစစ်ဖြစ်နေကြလဲ အကြောင်းအရင်းကို ရှာရမယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ ကလည်း ရှိပြီ။ ပြီးတော့ လက်နက်ကိုင်အဖွဲ့အစည်းဆိုတာကလည်း တပ်မတော် ဖွဲ့စည်းပုံမှာ ပါတာကိုး။ ဒီဖွဲ့စည်းပုံအခြေခံဥပဒေအောက်မှာ ပြောကြရင်တော့ဖြင့် ဘီဒီအက်ဖ်ဆိုတာ တကယ်တမ်း ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပါရဲ့လား။ ဘယ်လို သင့်တော်အောင် တိုင်းရင်းသားဒေသတွေမှာ ပြည်ထောင်စု စိတ်ဓာတ်လည်း မပျက်ယွင်းရအောင် ထားမလဲဆိုတာတော့ လူကြီးတွေအနေနဲ့ ထဲထဲဝင်ဝင် နက်နက်ရှိုင်းရှိုင်း စဉ်းစားတွေးခေါ်ပြီးမှ အဓိကကတော့ဗျာ ကိုယ့်မိသားစု ညီအစ်ကို အချင်းချင်း ကိုယ့်အချင်းချင်း ပြဿနာကို ကိုယ့်အချင်းချင်း အသေချာ ဆွေးနွေးညှိနှိုင်းလိုတဲ့ဆန္ဒ ရှိရင်တော့ ကျနော်တို့ နည်းလမ်းရှာရမှာပေါ့။”
မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီရဲ့ ဥက္ကဋ္ဌ နိုင်ငွေသိန်းကလည်း အခုလို အကြံပြုပြောဆိုပါတယ်။
“ကျနော့်အ နေနဲ့ ပြောမယ်ဆိုရင်တော့ ဒါ နည်းနည်း အခက်အခဲ ရှိတယ်လို့ ထင်တာပဲလေ။ စိတ်ရှည်ရှည်ထား သည်းခံကြ၊ တိုင်ပင်ကြ၊ ဆွေးနွေးကြတာတွေ အမြဲလုပ်မယ်ဆိုလို့ရှိရင်တော့ သိပ်ကောင်းမှာပဲ။ အထူးသဖြင့် တိုင်းရင်းသားဒေသတွေမှာ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ခံရတာ တိုင်းရင်းသားတွေပါ။”
ဒီလိုအမြင်သ ဘော ထားကွဲလွဲမှုတွေရှိနေတာကြောင့် အစိုးရသစ်အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ပါဝင်မှုတွေနဲ့အတူ အားလုံးပါဝင်ခွင့်ရမယ့် ငြိမ်းချမ်းရေး ပြည်ထောင်စုညီလာတရပ်ခေါ်ယူဖို့ ဦးခင်မောင်ဆွေက တိုက်တွန်းထားပါတယ်။
“နိုင်ငံရေး ပြဿနာတွေကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့ဆိုတာ အခု ၂၀၀၈ အခြေခံဥပဒေမှာကလည်း ပင်လုံမူထဲမှာ ကျနော်တို့ စစ်မှန်တဲ့ ပြည်ထောင်စု ပုံသဏ္ဌာန်ရောက်အောင် ကြိုးပမ်းကြသော်လည်းပဲ ပင်လုံမူအတိုင်း ရောက်နိုင်သေးဘူးဆိုတာ တွေ့ရတယ်လေ။ နံပါတ် ၁ ကတော့ လူမျိုးတွေရဲ့ တန်တူညီမျှခွင့်ကို ဖြေရှင်းရပါမယ်။ ဒုတိယကတော့ နိုင်ငံရေးဆိုင်ရာ တန်းတူညီမျှခွင့် ဒါကိုလည်း ကျနော်တို့ ရောက်အောင် သွားနိုင်ရပါမယ်။ နောက်ဆုံး အဆင့်မှာတော့ အုပ်ချုပ်ရေးဆိုင်ရာ တန်းတူညီမျှခွင့်တွေကို ရောက်အောင် သွားနိုင်တဲ့ အချိန်အခါကျရင်တော့ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးက တဆင့် အမျိုးသားစည်းလုံးညီညွတ်ရေးဆီကို မလွဲမသွေ ရောက်နိုင်မှာ ဖြစ်ကြောင်းကို ကျနော် ပြောချင်ပါတယ်။ ဒီကိစ္စတွေကို ဆင့်ကဲဆင့်ကဲ ဖြေရှင်းသွားဖို့ ပြည်သူတွေမှာကော၊ လွှတ်တော်မှာကော၊ အစိုးရမှာကော၊ နိုင်ငံရေးပါတီတွေမှာကော၊ တောထဲမှာ ရှိနေတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေကော အားလုံးမှာ တာဝန်ရှိကြောင်းကို ကျနော် ပြောချင်ပါတယ်။ ဒါကြောင့်မို့လို့ ပြည်ထောင်စု အမျိုးသားညီလာခံကြီးတခု ကျင်းပပြီးတော့ ဒါတွေကို ထိပ်တိုက်ရင်ဆိုင် မဟုတ်ဘဲနဲ့ တွေ့ဆုံဆွေးနွေးရေးနဲ့ ဖြေရှင်းဖို့ လိုပြီဆိုတာ ဒီအချိန်မှာ ကျနော်တို့ ပြောရမယ့် စကားပဲ ဖြစ်ပါတယ်။”
တိုင်းရင်း သားဒေသတွေမှာ လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ မြန်မာ့တပ်မတော်အကြား ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေ အမြန်ဆုံးအဆုံးသတ် အပစ်ရပ်ပြီး ငြိမ်းချမ်းရေးအတွက် ဆွေးနွေးဖို့ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အပါအဝင် တိုင်းရင်းသားလက်နက် ကိုင်အင်အားစုတွေဆီကို ဒီကနေ့ရက်စွဲနဲ့ အိတ်ဖွင့်ပေးစာတစောင် ပေးခဲ့ပါတယ်။