ဒီမိုကရေစီပန်းတိုင် အမြန်ရောက်ရှိနိုင်ပါစေ။

Wednesday, July 20, 2011

အာဇာနည်နေ့ နံရံကပ်စာစောင်

ငါ့အား ဖုံးလွှမ်းထားသော လကွယ်သန်းခေါင်
ဤအမှောင်အတွင်းမှနေ၍ အနိုင်မခံ အရှုံးမပေးတတ်သော
ငါ၏စိတ်ဓာတ်ကို ဖန်ဆင်းပေးသည့် နတ်သိကြားတို့အား ငါကျေးဇူးတင်၏။
လောကဓံတရားတို့၏ ရက်စက်ကြမ်းကြုတ်သော လက်ဆုပ်တွင်းသို့
ကျရောက်နေရငြားသော်လည်း ငါကားမတုန်လှုပ် မငိုကြွေး
ကံတရား၏ ရိုက်ပုတ်ခြင်း ဒဏ်ချက်တို့ကြောင့်
ငါ၏ ဦးခေါင်းသည် သွေးသံတို့ဖြင့် ရဲရဲနီ၏ ညွတ်ကား မညွတ်
ဤလောဘဒေါသတို့ ကြီးစိုးရာဌာန၏ အခြားမဲ့၌ကား
သေခြင်းတရားသည် ငံ့လင့်လျက်ရှိ၏။
သို့သော် ငါ့အား မတုန်လှုပ်သည်ကို တွေ့ရအံ့။
နောင်ကိုလည်း ဘယ်တော့မှ မကြောက်သည်ကိုသာ တွေ့ရအံ့။
သုဂတိသို့ သွားရာ တံခါးဝသည် မည်မျှ ကျဉ်းမြောင်းသည်ဖြစ်စေ
ယမမင်း၏ ခွေးရေပုရပိုက်၌ ငါ့အပြစ်တို့ကို မည်မျှပင်များစွာ
မှတ်သားထားသည်ဖြစ်စေ ငါကား ဂရုမပြု
ငါသာလျှင် ငါ့ကံ၏ အရှင်သခင်ဖြစ်၍
ငါသာလျှင် ငါ့စိတ်၏ အကြီးအကဲ ဖြစ်သတည်း။
သခင် အောင်ဆန်း (၁၉၁၅-၁၉၄၇)
ဗိုလ်ချုပ်အောင်ဆန်း ၏ အိုးဝေမဂ္ဂဇင်း၊ အတွဲ ၆ အမှတ် ၁၊ ၁၉၃၆ ခု တွင် ဘာသာပြန်ရေးစပ်ခဲ့တဲ့ ကဗျာလေးပါ။
"Invictus"
Out of the night that covers me,
Black as the Pit from pole to pole,
I thank whatever gods may be
For my unconquerable soul.
In the fell clutch of circumstance
I have not winced nor cried aloud.
Under the bludgeoning s of chance
My head is bloody, but unbowed.
Beyond this place of wrath and tears
Lies but the horror of the shade,
And yet the menace of the years
Finds, and shall find me, unafraid.
It matters not how strait the gate,
How charged with punishments the scroll,
I am the master of my fate:
I am the captain of my soul.
Engrave this quote in Our Store! Rate this Quote! Tell a Friend.

ကိုစောနေသွေး ထံမှ ကူးယူလာပါတယ်

------------------------------------------------------------------------------------------------------------------------------------
 
ပဲပြုပ်နှင့်နံပြား ၀တ္ထု
မင်းလူ
    ဗိုလ်ချုပ်အောင်ဆန်းသည် လွတ်လပ်ရေးရပြီးလျှင် စာရေးဆရာတစ်ဦးအဖြစ် ရိုးရှင်းအေးဆေးစွာ နေထိုင်သွားရန် ဆန္ဒရှိခဲ့သည်။ စာဖတ်အလွန် ၀ါသနာပါသူဖြစ်ပြီး တက္ကသိုလ်ကျောင်းသားဘ၀ထဲက စာပေများရေးသားခဲ့သည်။ အယ်ဒီတာ လည်းလုပ်ဖူးသည်။ နောက်ပိုင်း နိုင်ငံ့တာဝန်တွေ များပြားသည့်ကြားကပင်စာပေများကို အချိန်လု၍ ရေးခဲ့သေးသည်။ ထိုစဉ်က လွတ်လပ်ရေးသည်သာ အရေးအကြီးဆုံးဖြစ်သောကြောင့် လက်တွေ့ချက်ချင်း တိုက်ရိုက် အကျိုးရှိစေသော ဆောင်းပါးတွေသာ အရေးများသည်။ ရသစာပေကို အလေးမပေးနိုင်ခဲ့။ ထို့ကြောင့် ၀တ္ထုတွေလည်း မရေးဖြစ်ခဲ့။  သို့ရာတွင် အတိုဆုံး ၀တ္ထုလေးတစ်ပုဒ်ကို သူကိုယ်တိုင်ပင် သတိမပြုမိလိုက်ပဲ အမှတ်တမဲ့ ရေးသားခဲ့ဖူးသည်ဟု ကျွန်တော်ဆိုချင်သည်။


ကြည် ….

ပဲပြုပ်နှင့်နံပြားရရင် စားချင်တယ်။

အောင်

    အထက်ပါ ပေးစာလေးကို ၀တ္ထုတိုတစ်ပုဒ်အဖြစ် သုံးသပ်ခံစားကြည့်ပါမည်။ ရှေးရိုးစဉ်လာ စာပေသဘောတရား အရဆိုလျှင် ၀တ္ထုတိုတစ်ပုဒ်တွင် ဇာတ်ဆောင်ပါရမည်။ ပါသည်။ (အောင်နှင့်ကြည်) ဇာတ်လမ်းပါရမည်။ ပါတာပေါ့။ သိပ်ချစ်ကြသော ဇနီးမောင်နှံ နှစ်ယောက်ရှိသည်။ ခင်ပွန်းဖြစ်သူမှာ များပြားလှသော နိုင်ငံ့တာဝန်တွေ ထမ်းဆောင်နေရ သဖြင့် အားလပ်ချိန်မရှိ။ အနားယူချိန်မရှိ။ အိမ်ကိုတောင် မပြန်နိုင်။ ဇနီးဖြစ်သူကိုတောင် အေးအေးဆေးဆေး စကားပြောခွင့် မရဘဲ စာတိုလေးနှင့်သာ ဆက်သွယ်နေရသည်။                       ဇာတ်ဆောင်စရိုက်ပီပြင်ရမည်။ ထိုစဉ်က ``အောင်´´သည် အစိုးရအဖွဲ့ဝင် ထိပ်တန်းရာထူးကြီးကို ရရှိထားသူ ဖြစ်၏။ သူသာစားချင်လျှင် အကောင်းဆုံး ဟိုတယ်ကြီးများမှ စားသောက် ဖွယ်ရာ များကို မှာယူသုံးဆောင်ခွင့်ရှိသည်။ သို့ရာတွင် သူက ပဲပြုပ်နှင့်နံပြားကိုသာ တောင့်တသည်။ ရိုးသားခြင်း၊ ခြိုးခြံချွေတာခြင်း သဘောကို တွေ့နိုင်သည်။ အမှန်အားဖြင့် ပဲပြုပ်နှင့် နံပြား လောက်ကတော့ အပါးတော်မြဲကို စီစဉ်ခိုင်းလို့ရတာပဲ။ ဘာကြောင့် အိမ်ကို လှမ်းမှာ ရသလဲ။ ထိုအချက်ကိုကြည့်လျှင် သူသည် မိသားစုအပေါ် သံယောဇဉ်ကြီးသူ၊ သစ္စာရှိသူ ဖြစ်ကြောင်း သိသာသည်။ အိမ်က ဇနီးဖြစ်သူကိုယ်တိုင် ပြင်ဆင်ပေးသော လက်ရာကို ခုံမင်တက်သူဖြစ်သည်။ မိန်းမကိုချွဲချင်တာလည်း ပါကောင်းပါနိုင်သည်။    သို့တိုင်အောင် သူသည် ဖွဲ့ဖွဲ့နွဲ့နွဲ့ မပြောတက်ရှာ။ တခြား သူတွေသာဆိုလျှင်…..



ကြည် …

 

နေကောင်းရဲ့လား။ ကိုယ်လဲအလုပ်တွေများလွန်းလို့ အိမ်ကိုတောင် မပြန်နိုင်ဘူး။ ဒါပေမယ့် စိတ်ကတော့ ကြည့် ဆီကိုပဲ အစဉ်သဖြင့် ရောက်နေတယ်ဆိုတာ ယုံပါနော်။ ကြည့်ရဲ့ လက်ရာလေးတွေကိုလဲ တမ်းတနေမိတယ်။ ပဲပြုပ်နဲ့ နံပြား ရရင်လည်း ပို့ပေးပါအုံး။ ဘယ်လိုစားစရာမျိုးဖြစ်ဖြစ် ကြည့်ရဲ့ လက်ကလေးနဲ့ ကိုယ်တိုင်ပြင်ဆင်ပေးမှ ပိုအရသာရှိတယ်လို့ ထင်မိတယ်ကွယ်။

ပိုတောင်လွမ်းတဲ့

ကိုအောင်ဆန်း

    စသည်ဖြင့် ချွဲချွဲပျစ်ပျစ်ရေးပေလိမ့်မည်။ သူ့ကျတော့ ဒီလိုမဟုတ်။ စာကတစ်ကြောင်းထဲ။ ပြီးတော့ တုံးတိတိကြီး။ ဒါကို ကြည့်ခြင်းအားဖြင့် သူသည် ဘုဆတ်ဆတ်သမား၊ ပြတ်သားသူ၊ စကားအပိုမဆိုတက်သူ၊ အပြောထက် အလုပ်ကို ဦးစားပေးသူ၊ မိသားစုအရေးထက် လူအများကောင်းစားရေးကို ပို၍စိတ်ဓာတ် ထက်သန်သူ စသော စရိုက်သဘာဝများ ရှိကြောင်း ထင်ရှားစွာမြင်နိုင်သည်။ ၀တ္ထုတိုတစ်ပုဒ်တွင် ရသပါရမည်ဟုဆိုသည်။ ကြည့်ရအောင်။ တစ်ဦး အပေါ်တစ်ဦး နားလည်စာနာတက်သော၊ သံယောဇဉ်ကြီးကြသော၊ အပြန်အလှန် ပါရမီဖြည့်ပေး ကြသော ဇနီးမောင်နှံ၏ ချစ်ခြင်းမေတ္တာကို ကြည့်၍ သိင်္ဂါရရသကို ခံစားနိုင်သည်။ သူတို့နှစ်ဦးမှာ တခြားဇနီးမောင်နှံတွေလို အချိန်ပြည့် ပူးပူးကပ်ကပ်နေခွင့် မရရှာကြ။ များပြားလှသော တိုင်းပြည် တာဝန်တွေကြားမှာ လွမ်းရေးခက်နေကြပုံက ဂရုဏာရသ မြောက်သည်။   ``ဟင်…ဒီလို ထိပ်တန်း ပုဂ္ဂိုလ်ကြီးက ပဲပြုပ်နဲ့ နံပြားမှ စားချင်သတဲ့၊ အံ့ရော´´ ဆိုပြီး အဗ္ဘုတရသအဖြစ် မြင်နိုင် သလို ``ဖြစ်မှ ဖြစ်ရလေ´´ ဟု ပြုံးချင်စရာဖြစ်သောကြောင့် ဟာသရသလည်း ရောစွတ် နေပြန်သည်။ ထိုဇနီးမောင်နှံတို့၏ ဖြူစင်သန့်ရှင်းသော ဘ၀ကိုကြည့်ပြီး စိတ်တည်ငြိမ် အေးချမ်းမှုကို ရရှိစေသည်။ ထိုအရာသည် သန္တရသပင်ဖြစ်၏။ ထို့အပြင် ရိုးသားခြင်း၊ သစ္စာရှိခြင်း၊ ကိုယ်ကျိုးစွန့်ခြင်းစသော ဦးတည်ချက်များကလည်း ၀တ္ထုတိုကောင်း တစ်ပုဒ်အဖြစ် ပီပြင်စေသည်။ နည်းနည်းချဲ့ကားပြောလျှင် ဤ၀တ္ထုတိုလေးတွင် လူတန်းစားအမြင်လည်း ပါသည်။ ဘ၀ သရုပ်မှန်ဝတ္ထုဟု ယူဆနိုင်သည်။ ဤ၀တ္ထုတွင် ဇာတ်သိမ်းခန်း ပါဝင်ခြင်း မရှိ။ သို့ရာတွင် ခေတ်သစ် စာပေအယူအဆအရ ဇာတ်လမ်းသည် အရေးမကြီး။ ဇာတ်ကွက်ကသာ ပဓါနကျသည်။ ဓမ္မဓိဌာန် စာပေအဖွဲ့အနွဲ့တွင် အဖြစ်အပျက်တစ်ခုကို ကွက်၍ မီးမောင်း ထိုးပြသည်။ အရင်အတိုင်းဖော်ပြသည်။ စာဖတ်သူက နှစ်သက်သလို တွေးယူလိမ့်မည်။ ခုနောက်ပိုင်း မော်ဒန်၊ ပို့စ်မော်ဒန် ၀တ္ထုများတွင် ဇာတ်လမ်းတောင်ရှိချင်မှရှိသည်။ ဇာတ်သိမ်းခန်းလည်းပါချင်မှ ပါသည်။ ထို့ကြောင့် ဤ၀တ္ထုကို ခေတ်ပေါ်ဝတ္ထု တစ်ပုဒ်ဟု၍လည်း ဆိုကောင်းဆိုနိုင်လိမ့်မည်ထင်သည်။  
   ကျွန်တော်သည် ``ပဲပြုပ်နှင့် နံပြား´´ ကိုကမ္ဘာပေါ်မှာ အတိုဆုံး၊ အရိုးသားဆုံး၊ အနုပညာ အပြည့်ဝဆုံး၊ ရသ အမြောက်ဆုံး ၀တ္ထုတိုလေး တစ်ပုဒ်အဖြစ် စိတ်ကူးယဉ် ခံစားကြည့်မိခြင်း ဖြစ်ပါသည်။


မင်းလူ
______________________________________________________

ဆရာမင်းလူရဲ့ ကျနော်အရမ်းကြိုက်တဲ့ ၀တ္ထုလေးပါပဲ။ ဒီဝတ္ထုလေးကို စပြီးဖတ်လိုက်ရချိန်မှာပဲ ဆရာမင်းလူမို့လို့သာ ဒီလိုရေးနိုင်တာပဲ ဆိုတဲ့ ခံစားချက်မျိုးကို ရလိုက်ပါတယ်။
နောင်... ထပ်ကာထပ်ကာဖတ်တိုင်းလည်း အဲဒိလိုထင်နေမိတုန်း ...
ကျနော်အရမ်းကြိုက်ခဲ့တဲ့ ဒီဝတ္ထုလေးကို ဒီနေရာမှာ အမှတ်တရ ဖေါ်ပြလိုတာကြောင့်
အေးမင်းထွန်းရဲ့ သက်တန့်ရောင်ကမ်းခြေ
 မှ
သွားရောက်ကူးယူဖြစ်လိုက်ပါတယ်...

ကိုကြည်နိုင်
==================================================
ကျောနံပါတ် 13


မသေမချင်းမှတ်ထား


ငါတို့ဗိုလ်ချုပ် 1915 ဖေဖေါ်ဝါရီ 13မှာ မွေးတယ်


အဘယ်သမိုင်းကြောင်းကများ သူ့လောက်ခမ်းနားဖူးပါသလဲ။



13 ဂဏန်း အောင်ဆန်း


ထောင်နှုတ်ခမ်းလမ်းလျှောက်


နယ်ချဲ့မကြောက်တရား ဟောခဲ့သူ။



သမဂ္ဂအမှုဆောင်


အိုးဝေအယ်ဒီတာဘ၀နဲ့


ကျောင်းနံရံတစ်ဝိုက် ဒေါင်းအလံစိုက်ပြခဲ့သူ။



တိုင်းရင်းသား လူမျိုးစုတို့ရဲ့ စည်းလုံးမှုပြယုဂ်အဖြစ်


ရင်ခုန်အသက်ဝင်စေတဲ့ ပင်လုံပန္နက်မြေ စိုက်ထူပေးခဲ့သူ။



ဝိတိုရိယဘုရင်မကြီးအတွက်


ကံဆိုးစေတဲ့ နတ်ဆိုးလေး 13 က


သပေါက်ကျွန် ဝေဒနာခရီးမှာ


ဒေသနာမငြီးနိုင်တဲ့ သံဃာတော်တွေအတွက်


ဆေးဖြစ်ခဲ့တဲ့ သွေးသစ် တစ်စက်။



စတုတ္ထမြန်မာနိုင်ငံတော်ကို


ပြည်သူ့စိတ်ကြိုက် ပုံဖေါ်ထုဆစ်


ဒါဟာ …. သူ့လက်ရာစစ်စစ် ဖြစ်တယ်။



အရပ်ပုပု


မှုန်ကုပ်ကုပ် ညှင်းသိုးသိုး


အညာသား အရိုးခံ


အဖိုးတန်တဲ့ 13။


ပကတိလွတ်လပ်ရေးကိုသာ သူတောင့်တ


တစ်ပြားသားမှ အလျှော့မခံ


အဖြည့်ခံ 13။


အခုတော့ ….


ခေတ်တွေ ပြောင်းတယ်၊ စနစ်တွေ ပြောင်းတယ်


ကာလကြာတော့ အမေ့ခံ 13 ဖြစ်ခဲ့ရပေါ့။



မြန်မာ့နား ရိုင်းရိုင်းပြောမှဝင်တယ်


ဒါ့ကြောင့် အဖြူထည်သက်သက်နဲ့ ရိုင်းပြခဲ့သူ။


လူငယ်ဘ၀ လူ့လောကစည်းစိမ်ကို


လွတ်လပ်ရေးနဲ့ လဲခဲ့သူ။


နိုင်ငံရေးလုပ်သက် 13 နှစ်


ဖိနှိပ်သူနဲ့ ရုန်းထွက်ပြသူ


ဘယ်သူအင်အားကြီးကြောင်း လှစ်ဟပြခဲ့သူ။



အဲဒီ 13 ဂဏန်းက


နေမ၀င်အင်ပါယာကို ကိုင်လှုပ်ခဲ့ဖူးတယ်။


အဲဒီ 13 ဂဏန်းက


ဆိုးညစ်တဲ့ ဖက်ဆစ်စနစ်ကို ထိုးစစ်ဆင် တိုက်ထုတ်ခဲ့ဖူးတယ်။


အဲဒီ 13 ဂဏန်းက


`ရရင်ရ မရရင်ချ´ ၀ါဒနဲ့ နယ်ချဲ့စနစ်ဆိုးကို မျိုးဖြုတ်ခဲ့ဖူးတယ်။


`ကျုပ်တို့ဘ၀မှာ ဗိုလ်ချုပ်ဆိုတာ တစ်ယောက်တည်းရှိတယ်´ လို့


ရဲရဲတောက် ကြွေးကြော်ရဲလောက်အောင်


လူထုရဲ့ တစ်ဦးတည်းသော ကိုယ်စားလှယ်တော်


တိုင်းချစ် ပြည်ချစ် 13 ဖြစ်ခဲ့တယ်။



1947 ဂျူလိုင် 19 မှာ


အာဏာကို အာသာငမ်းငမ်း မက်မောတဲ့


အာဏာရူးဦးစော လက်ချက်ကြောင့်


ကျည် 13 ချက်နဲ့


ကျဆုံးကြွေလွင့်ခဲ့ရတဲ့ ငါတို့ဗိုလ်ချုပ်။


အဲဒီ 13 ဂဏန်းပေါ့


သူယူပေးခဲ့တဲ့ဖလား


သူ့လက်နဲ့ ကိုင်မြှောက်ပြခွင့် ရမသွားရှာခဲ့ဘူးဗျာ။

မြူငှက် (ဆင်ဖြူကျွန်း)

====================================
ဘယ်သူ့အမိန့်နဲ့ ပျက်ရမှာလဲ
ကောင်းကင်နဲ့ မြေပြင်မှာ ဂဠုန်နှစ်ဦးကို တွေ့ရတယ်
အများအကျိုးအတွက်နဲ့ အများအကျိုးဖျက်၊   ကွဲပြားတယ်
အောက်ခြေလူတန်းစားကို အခြေခံလို့ အသက်စွန့်
အာဏာရမ္မက်ရဲ့ ကြော့ကွင်းမှာအသက်စွန့်၊   ကွဲပြားတယ်
တစ်ဦးက မိုးကောင်းကင်၊ တစ်ယောက်က ဖနောင့်စာမြေလူး
မမေ့ကြဘူးဆိုရင် သတိရှိကြပါ
တရားကိုဖျက်ပြီး ဖိနှိပ်လုပ်ကြံတာ ပြည်သူတွေ မခံစားနိုင်ဘူး
ဒီအချိန်ရောက်တိုင်း သမိုင်းကပြောတယ်
``အနီးကပ်ဆုံးရန်သူကိုရှာပြီး တိုက်ကြ´´
အာဇာနည်တို့ရဲ့ လက်ဆောင်ဟာ
ကိုယ်ကျိုးစွန့်၊ အနစ်နာခံ၊ အမှန်လုပ်
မတရားရှုပ်တာကို ရင်ဆိုင်ဖြေရှင်းတယ်
နောက်မှာပုန်းမနေဘူး၊ မညာဘူး၊ ခုတုံးမလုပ်ဘူး
ပြည်သူလူထုကို မစော်ကားဘူး၊ ရင်ထဲမှာ ချစ်ပြတယ်
ပြည်သူလူထုကလည်း လေးစားမြတ်နိုး တန်းဖိုးထားကြတယ်။
ငြိမ်းစိုးဦး
July. 9. 2011
==================================
လွယ်လွယ်ကူကူပဲဆို ဆက် ကိုး ကွယ်သွားရုံ
အချိန်နဲ့ အမျှ အချိန်မရတော့ အချိန်အားနည်းရောဂါ
ဘေးထွက်ဆိုးကျိုး များစွာ ဖြစ်ထွန်းနေသော အရပ်ဖြစ်သဖြင့်
သာမာန်မျက်စိဖြင့် မမြင်နိုင်သော ဘက်တီးရီးယားများ မြူးကြွ
မှတ်ဥာဏ်စနစ်များ ကျုံလှီအားနည်းလျော့လျဲပြိုကွဲ
တစ်ခုခုက ယောင်လာတယ် ပူလာတယ် နီလာတယ် နာလာတယ်
အစိမ်းကိုင်ခံလိုက်ရပြီ၊ အစိမ်းကိုက်သွားပြီ၊ အစိမ်းပြုစားတာခံလိုက်ရပြီ
ခပ်စိမ်းစိမ်းနေတတ်တာပဲ ဒါပေမယ့် ဘာမှန်းမသိတဲ့ တစ်ခါမှ
မြင်ဖူးတာလဲ မဟုတ်တဲ့ အစိမ်းကို ကြောက်လာသလို
တုန်လှုပ်လာတယ် ခြောက်ခြားလာတယ်၊ မြွေပါးကင်းပါး လို သတိထားနေရတယ်
လမ်းလဲရဲရဲ မလျှောက်ရဲ၊ ပါးစပ်လဲ ဟဟ မပွင့်ရဲ၊ ညလဲ ကောင်းကောင်းမအိပ်ရဲ
အစိမ်းက တခွပ်ခွပ်လမ်းလျှောက်ပြီး ကိုယ့်အနားအချိန်မရွေး ရောက်လာတော့မလို
အစိမ်းလုပ်ထားတာတဲ့ ပြောတယ်၊ အခြေအနေက မထူးလာဘူး တစ်နေ့တစ်ခြား
မှတ်ဥာဏ်စနစ်က ဘယ်လိုမှ ပြန်စာမလာဘူး၊ ဟယ်လို ဟယ်လို
ကြားတယ် အကြောင်းမပြန်ဘူး၊ အစိမ်းဟာ ကိုက်ခဲထားပုံများ
ဘာတတ်နိုင်မှာလဲ ကိုယ်တို့ နဂိုတည်းက စိတ်အားနည်းခဲ့ပုံ ။     ။
ကိုသစ်ကို
=================================

ကိုယ်ပိုင်အလင်းနဲ့ လင်းတဲ့နေ့

သမိုင်းတစ်ခုမှာ
အရိုးသားဆုံး အပြုံးတစ်ခုနဲ့
ကမ်းနှစ်ဖက်ကို တံတားထိုးပေးခဲ့သူ။

သူကနိုဗယ်ဆု မရဘူး။
အိုးဝေရဲ့ စာပွဲတင်အယ်ဒီတာတော့
ဖြစ်ဖူးလားဖြစ်ဖူးရဲ့...။

`` ကြည်ရေ-
ပဲပြုတ်နဲ့ နံပြားရရင် စားချင်တယ်...``
ဒီစကားလေးထားပြီး
သူထွက်သွားတဲ့ မနက်ခင်းခြေလှမ်းကို
ကျနော်တို့ရဲ့ နောက်ကျခြင်းခြေလှမ်းတွေက
ရင်ထဲမှာ ဇူလှိုင်မိုးတွေသွန်းဖိတ်စိုစွတ်နေဆဲ။
မစဲတဲ့ ပင်လယ်ပါ။

ကောင်းကင်ကိုမော့ကြည့်တိုင်း မြင်ရတဲ့အရိပ်
ခံစားချက်စိတ်ကူးတွေမရောက်နိုင်တဲ့ မိုးကုတ်စက်ဝိုင်း
စိုးတထိတ်ထိတ်နဲ့ ထွက်ခွာသွားတဲ့ခရီး
အမှောင်ထဲမှာလင်းဖို့လောင်ကျွမ်း
ဘယ်လောက်များ နာကြင်နေလိုက်မတုန်း။
နေမင်းတမျှပူလောင်မှုက
သူ့ရင်ကို မဖုံးနိုင်ပါဘူး။

ဇူလှိုင် ( ၁၉ ) ရက်နေ့ကလေ-
ကျနော်တို့ကောင်းကင်မှာ
နေရောလပါ ကြတ်တဲ့နေ့
တစ်ခုရဖို့ တစ်ခုပေးခဲ့တယ်ဆိုရင်တောင်
အချိန်တွေ ရပ်ထားခဲ့တယ်။
ကဗျာဆန်ဆန်ရေးချယ်တာမဟုတ်ဘူး။
ဂန္တဝင်မြောက်အောင် ရေးဆွဲခဲ့တာမဟုတ်ဘူး။

ဒါဟာ အမှန်တရားပါလို့...
နှစ်သိမ့်စကားဆိုရင်တောင်
လောကကြီးက အဘိဓမ္မာမဆန်ဘူး။
ငိုနေတဲ့မျက်လုံးအိမ်တွေထဲမှာ
သူ့နှလုံးသားက ယိုစိမ့်နေတဲ့မျက်ရည်တွေ
မြင်   မြင် နေ ရ တယ်...

ရင်ချင်းထပ်၊ခံစားချက်ခြင်းအပ်ပြီး
နားလည်စာနာပေးတဲ့ နွေးထွေးမှုတွေ
ကမ္ဘာမှာ ဘယ်လောက်များများ
ကျတော်တို့ရင်မှာ-
ဆံတစ်ပင်တင်းရင်း တင်းနေဆဲပါပဲ...။
သမုဒ္ဒရာဆိုတာ
တစ်စက်ကလေး ဖိတ်စင်သွားရုံနဲ့
ကုန်ခမ်းသွားတာမှမဟုတ်တာ။
ဒါပေမဲ့
ဒါဟာ အကြီးဆုံး ပြတ်ရွေ့တစ်ခု။
        အမြင့်ဆုံး မုန်းတိုင်းတစ်ခု။
        အကျယ်ဆုံး ငလျှင်တစ်ခု။
        ...............................။
        ...............................။
        ...............................။
       ထပ်တူပြုဖို့ စကားလုံးမရှိတဲ့ ကောင်းကင်။

ဒီနေ့ ရောက်တိုင်း
သမိုင်းမရိုင်းဖို့ သမုဒ္ဒရာကိုထမ်းပိုးခဲ့ကြတယ်။



ထွဏ်းနေသွေး

===================================
သစ္စာစကား

ရာဇ၀င်ရိုင်းစေခဲ့တဲ့
 အနီ အနက်တွေရောထွေး
 ငြိမ်းချမ်းရေးဆိုတာမသိ အမှန်တရားဆိုတာမရှိပဲ
 လက်ညှိုးလေးကွေးတတ်ရုံနဲ့
 လူတတ်ကြီးလုပ်ချင်တဲ့
 ပေါကြောင်ရူးသွပ်လူတစ်စုကြောင့်
 ကျနော်တို့တစ်တွေ
 ဆယ့်ကိုးဇူလိုင်ရောက်လေတိုင်း
 မျက်ရည်မိုးတွေဖြိုင်ဖြိုင်စွေခဲ့ရပေါ့......
 သမိုင်းရဲ့ ပုံရိပ်တွေကို ဘယ်လိုပင်ပြည်ဖုံးကားချခဲ့ပေမယ့်
 ဒါဟာအမှန်တရားမို့
 ကျနော်တို့ရင်မှာ နာကျင်တမ်းတ သတိတွေရနေကြတုန်းပါပဲ......
 မစားပဲစွန့်ခဲ့သူ
 “ကြည်..ရေ..နံပြားနဲ့ပဲပြုတ်လေးရရင်စားချင်တယ်..” ဆိုသူ
 အများအတွက် အရာရာပေးဆပ်ခဲ့သူ..
 အတ္တအကျိုးကိုစွန့်ပယ်ခဲ့သူ...
 ပရဆိုတဲ့လမ်းကြမ်းတမ်းခဲ့ပေမယ့်
 ရိုးသားမှုတွေနဲ့ ဖြောင့်ဖြူးစေခဲ့သူ....
 ခုနေများ သားတို့အဖြစ်ကိုမြင်ရင်
 စိတ်မကောင်းဖြစ်လေမလား...
 ဒါမှမဟုတ်...
 ညံ့လိုက်ကြတာလို့ဆိုနေမလား...
 သားတို့လည်း ကြိုးစားနေဆဲပါလေ...
 အသက်တွေရော...
 သွေးတွေရော...
 ချွေးတွေရော...
 ဘ၀တွေရော...
 အရင်းအနှီးပြုလို့ပေါ့....
 ဤခရီးနီးသလားလို့မေးမကြည့်ဖြစ်ပါဘူး...
 လျှောက်ရမှာက သားတို့တာဝန်မို့ပါ...
 အဖေ့မျှော်လင့်ချက်နဲ့ သားတို့မျှော်မှန်းချက်
 တစ်ထပ်တည်းကျတဲ့နေ့ရောက်ရင်
 အဖေ့ရှေ့မှာဒူးထောက်ရင်း
 ပီတိတွေပေါင်းစပ်
 အများထက်သာတဲ့နိုင်ငံသစ်ကြီးတည်ဆောက်ရင်း
 ငြိမ်းချမ်းမှုသီချင်းကို..
 အားပါးတရသီဆိုကြမယ်..အဖေရေ...။


===========================
ကမ္ဘာတည်သရွေ့

မျက်ရည်တွေနဲ့တင် မလုံလောက်ဘူး
လွမ်းသူ့ပန်းခွေနဲ့တင် မခမ်းနားဘူး
အမှတ်တရကျောက်တိုင်တွေနဲ့တင် မထည်ဝါဘူး
တစ်နှစ်တစ်ကြိမ် သတိရနေရုံနဲ့တင် မပြည့်စုံဘူး
သူ နဲ့ အာဇာနည်တွေရဲ့
အဲဒီနေ့မှာ စတေးခဲ့တဲ့ အသက်သွေးတွေ
ပြည်သူတွေရင်ထဲ
အခုထိ … နီစွေးဆဲပါ
ငါပြောရဲတယ်
ငါသေသေချာချာ ပြောရဲတယ်
အမှန်တရားအတွက် လက်တွန့်မသွားတဲ့
တိုင်းပြည်နဲ့ လူမျိုးအတွက် တွေဝေမနေတဲ့
လွတ်လပ်ရေးအတွက် နောက်ဆုတ်မသွားတဲ့သူ
မျိုးချစ်စိတ် တစ်ခုတည်းနဲ့
တစ်ဘ၀လုံး ပုံအပ်ခဲ့တယ်
အာဇာနည်သူရဲကောင်းတွေရဲ့
ခမ်းနားထည်ဝါတဲ့ သမိုင်း
ရာဇ၀င် အဆောင်ဆောင် အခန်းခန်းမှာ
ကမ္ဘာတည်သရွေ့
အာဇာနည်တွေ တည်စေသော်ဝ်။

================================
အစဉ်လေးစားလျှက်ပါ

ကျောင်းပိတ်ထားလို့ သူငယ်ချင်းတွေဆုံတဲ့အခိုက် အချင်းချင်း အပြန်အလှန်ဆွေးနွေးကြ ကိုယ်သိတာ နားလည်တာတွေ ပြောကြနဲ့ သူငယ်ချင်းတသိုက် အလုပ်ရှုပ်နေကြပါတယ်….ဒီအချိန်မှာပဲ သူရက ပြောလာပါတယ် …  '
'ငါတို့ ခရီးထွက်ကြရရင် ကောင်းမယ်နော်''တဲ့ … ၀တုတ်ကလည်း အားကျမခံပါပဲ …. သိပ်မသွားချင်ရှာဘူးဆိုတော့လေ …. ''ဘယ်လိုသွားမှာလဲ''လို့ မေးလိုက်ပါတယ်။ ''ငါတို့ နေချင်းပြန် သွားလို့ရတဲ့ လှော်ကားဥယျာဉ် သွားရင် ကောင်းမလားလို့…. သာယာတယ် ပြောတယ်'' ….
ဒါနဲ့ ကျွန်မကလည်း ၀င်မေးလိုက်မိပါတယ် …. ''ဘယ်နှစ်ယောက်လဲ'' …. ''ငါတို့ အကုန်လုံးပဲလား'' …. လူအကုန်မှ သူငယ်ချင်းက ခြောက်ယောက်ပဲ ရှိပါတယ် … ကျွန်မရယ် …. ၀တုတ်…  မခိုင် .. သူရ .. ရာဇာ… ပဲခူး တို့ ခြောက်ယောက်ပေါ့ …. '
'ဒါနဲ့ ဘယ်သူကဦးဆောင်မှာလဲ'' လို့ ကျွန်မကပဲ သူရကို မေးလိုက်မိပါတယ်…. မခိုင်ကလည်း ''ဟုတ်တယ်…. ဘယ်သူဦးဆောင်မှာလဲ…. ငါတို့က မရောက်ဖူးဘူးနော်''…..
ပဲခူးကလည်း ''ငါလည်း မရောက်ဖူးပါဘူး'' …. 
ခရီးတစ်ခုအတွက် ကမကထလုပ်မယ့် ဦးဆောင်သူဆိုတာ အမှန်တကယ် လိုအပ်ပါတယ် …ရာဇာကတော့ အားပေးခြင်းလဲ မရှိသလို ထောက်ခံခြင်းလည်း မရှိစွာ တိတ်ဆိတ်နေပါတယ် …. ကျွန်မကပဲ ဆက်လက် ရှင်းပြဖြစ်ပါတယ် ….
''နင်ကလည်း ခရီးတိုပဲ ဖြစ်ဖြစ်၊ ခရီးရှည်ပဲ ဖြစ်ဖြစ် ဦးဆောင်မှုဆိုတာ လိုတာပေါ့ဟယ် …. ဥပမာ - ဘယ်နှစ်ယောက်သွားလို့ လက်မှတ်က ဘယ်နှစ်ဆောင်ဝယ်မယ် … ဘယ်နေရာမှာ နားကြမယ် …. အစားအသောက် ဘယ်လို ဘယ်နေရာမှာ စားမယ် …. ဘယ်အချိန်ပြန်မယ်ပေါ့ဟာ … ပြန်တဲ့ အချိန်ကလည်း အားလုံးနဲ့ အဆင်ပြေတဲ့ အချိန်ဖြစ်ရမှာပေါ့… အဲဒီလိုမျိုးလေးကို ငါပြောတာပါ'' …

ကျွန်မစဉ်းစားမိတာပေါ့နော် …. ခရီးတစ်ခု သွားဖို့တောင် တစ်ယောက်နဲ့တစ်ယောက် နားလည်စာနာပေးမှုဆိုတာ လိုအပ်ပါတယ် …. ကျွန်မအနေနဲ့ ဒါတွေက နားလည်သင့်တယ်လို့ ထင်နေပေမယ့် …. နားမလည်နိုင်တဲ့ သူလည်း ရှိနိုင်ပါတယ်လေ ….
 မိသားစုတစ်ခု အဖွဲ့အစည်းတစ်ခု လုပ်ငန်းတစ်ခုမှာလည်း ဒီလိုပါပဲ ခေါင်းဆောင်ပေး၊ လမ်းညွှန်ပေးတဲ့သူဆိုတာ တကယ် အရေးတကြီးကို လိုအပ်ပါတယ်။ နိုင်ငံ တစ်နိုင်ငံလုံးနဲ့ဆိုရင်တော့ ပြောဖွယ်ရာကို မရှိတော့ပါ။ ခေါင်းဆောင်တိုင်းလည်း ခေါင်းဆောင်ကောင်း မဖြစ်နိုင်ပါဘူး။ ခေါင်းဆောင်ကောင်းဖြစ်ဖို့ကလည်း မလွယ်ပါဘူး၊ စွန့်လွှတ် အနစ်နာခံမှုတွေနဲ့ ရင်းနှီးနေရမှာပါ ….
 စိတ်ထဲကအတွေးက အပြင်ဘက်ကို ရောက်ပြီး ကျွန်မ ပြောမိသွားပါတယ် …. ခေါင်းဆောင်ကောင်းဖြစ်ဖို့ဆိုတာကလည်း လွယ်မှ မလွယ်တာပဲလေနော် …..
သူရက ''နင်ကလည်း ပွားပြန်ပြီး'' …. သူကတော့ လူငယ်သဘာဝ ခေတ်စကားနဲ့ ပြောလိုက်တာပါပဲ … ဒါပေမယ့် ကြားရသူ ကျွန်မအဖို့တော့ နားထဲကို ကန့်လန့်ကို ၀င်သွားပါတော့တယ် …..
 ''နင်လုပ်ပြန်ပြီလား စကားပြောရင် ယဉ်ယဉ်ကျေးကျေးပြောပါဟဲ့'' ….. စိတ်တိုတိုရှိတာနဲ့ သူကို ပြောဖို့ သတိရလိုက်တာနဲ့ ပြန်နှက်လိုက်မိပါတယ် …. ''နင့်လို လူမျိုးတွေ ရှိလို့ ဗိုလ်ချုပ်ပြောတာနေမှာ … နင်လည်း ကြားဖူးမှာပေါ့ …. လွတ်လပ်တယ်ဆိုတိုင်း လုပ်ချင်တာလုပ်လို့မရဘူး … ဘာနိုင်ငံဖြစ်သွားမယ်ဆိုတာလေ …. နင်ပြောတဲ့စကားကို လူကြီးတစ်ယောက်ယောက်ကို သွားပြောရင် …. အဲဒါ လူကြီးကို မလေးစားတာ၊ မိုက်ရိုင်းတာ၊ ပရမ်းပတာ ပြောတာ ဖြစ်သွားတာပေါ့ဟဲ့ … နှုတ်ယဉ်ကျေးမှုမရှိတော့တော့ ကိုယ်ယဉ်ကျေးမှုမှာ ပျက်စီးသလို ယူဆလို့ရတာပေါ့'' …..
''ဟုတ်တယ် မယ်စိုးပြောတာ ငါလက်ခံတယ်'' …. ၀တုတ်က ၀င်ရောက် ထောက်ခံပါတယ် ….'
'ပြောဖို့ ကျန်နေသေးတယ် …. ငါစိတ်ထဲ ရှိတာလေးပေါ့နော် …. ကိုယ်ကျိုးမဖက် သမာသမတ်ကျတဲ့ ဗိုလ်ချုပ်ရဲ့ လက်ရေးနဲ့ စာလေးပါ … နင်တို့လည်း ဖတ်ဖူးကြမှာပါ'' … ''ပဲပြုပ်နဲ့ နံပြားစားချင်တယ် ကြည်''တဲ့ ….
ကျွန်မက ထောက်ခံပေးတဲ့ ၀တုတ်ကပဲ ''ဘာဖြစ်လို့လဲ'' …. ''ဘာဖြစ်ရမှာလဲ ဟဲ့ နိုင်ငံခေါင်းဆောင်ကြီးတစ်ယောက် လုပ်နေပြီး ဟန်မရှိဘူးလေ၊ ဆီဦးထောပတ်စားလို့ ရနေလျှက်နဲ့ စားဖို့ စိတ်ကူးမရှိဘူးလေ …. မိသားစုအပေါ်နွေးထွေးတဲ့ ချစ်ခြင်းတွေ ရှိပြီး ကိုယ့်ချစ်ဇနီး စီစဉ်ပေးတဲ့ ပဲပြုတ်နဲ့ နံပြားကို ခုံခုံမင်မင်စားချင်တဲ့ စိတ်ကလေးကိုက လေးစားချစ်ခင်စရာပဲလေ'' …. ဒီအခါမှာတော့ ….  အားလုံးက တညီတညွတ်တည်း ထောက်ခံလာပါတယ် … ''ငါတို့လည်း အဲလိုပဲ ခံစားရပါတယ်''တဲ့လေ …..
လွတ်လပ်ရေးကို အသက်သွေးချွေးတွေနဲ့ အရယူပေးခဲ့တဲ့ ဗိုလ်ချုပ်နဲ့တကွ အာဇာနည် ခေါင်းဆောင်တွေ … ဒီမြေ၊ ဒီရေ၊ ဒီလေအတွက် ကျေးဇူးရှိတဲ့သူတွေ လေးစားရတဲ့ သူရဲကောင်းတွေပါ ….
အသိပညာ အတတ်ပညာ … ကိုယ်သိတာတွကို ပြန်လည်မျှဝေတဲ့ ခေတ်ရောက်နေပြီဆိုတော့ …. ဗိုလ်ချုပ်နဲ့တကွ အာဇာနည်ခေါင်းဆောင်တွေကို လေးစားတဲ့ စိတ်၊ ချစ်ခင်တဲ့စိတ်၊ တန်ဖိုးထားတဲ့စိတ်၊ ကျေးဇူးသိတဲ့ စိတ်တွေ ရင်ထဲမှာ အလုံးအရင်းနဲ့ ရှိနေမှ နောက်လူတွေကို ပြောပြနိုင်မှာ မျှဝေနိုင်မှာပါ … ပြန်လည် မျှဝေတိုင်းလည်း အပြည့်အ၀ ရောက်တာ ရှိသလို … အနည်းအကျဉ်းပဲ ရောက်တာလဲ ရှိနိုင်ပါတယ် …..
လက်ရုံးရည် နှလုံးရည်နဲ့ပြည့်စုံပြီး၊ အသက်ကိုစွန့်ပြီး နိုင်ငံလွတ်လပ်ရေးကို အရယူပေးခဲ့သော ဗိုလ်ချုပ်နဲ့တကွ အာဇာနည်ခေါင်းဆောင်များကို အစဉ်လေးစား ဂုဏ်ပြုလျှက် နှမြေတသ ရှိနေပါတော့တယ်ရှင် ….

လေးစားစွာဖြင့်

** ဆရာမင်းလူ၏ ပဲပြုတ်နှင့် နံပြားဝတ္ထုကို ဖတ်ပြီး ဒီ Post လေးကို ရေးဖြစ်ပါတယ်**

=========================================
ထာဝရပန်းကို ပျိုးခဲ့သူ

တစ်ဦးတည်းပါ
သမိုင်းစာမျက်နှာရဲ့ ထိပ်ဆုံးမှာ
မြန်မာတို့ရဲ့ နှလုံးသည်းပွတ်မှာ
သူရဲကောင်းတို့ရဲ့ ကမ္ဘာမှာပေါ့ ....

ဘယ်သူလဲ လို့ မေးစရာမလိုပဲ
သူငယ်ချင်းတို့၊ ငါတို့
ငါတို့ အားလုံးသိတယ်
သူ့ရဲ့ သူရဲကောင်းဆန်မှု
အနစ်နာခံမှု
မဆုတ်မနစ် ဇွဲကြီးမှု
ဥယျာဉ်မှူးကောင်းဆန်မှု
ဒါတွေအားလုံး တစ်ပြိုင်နက် သူ့မှာသာရှိတယ်

အောင်ဆန်း  တဲ့
အောင်မြင်သူ၊ ရဲရင့်သူ၊ ဆန်းသစ်တွေးခေါ်သူ
လမိုက်ညကိုပင် ထွန်းလင်းစေခဲ့သူ
သမိုင်းတစ်ခေတ် ဆန်းသစ်စေခဲ့သူ
ပျိုးသောပန်းကို ထာဝရတည်စေခဲ့သူ .... ဟု ....


ကိုထက်(LPT)
---------------------------------------------------------------

Online ပေါ်က ကဗျာရေးသူတစ်ယောက်တော့ မဟုတ်ပါဘူး။ ဒီနေ့ဒီရက်မှာ အမှတ်တရအနေနဲ့ ပါဝင်စေချင်တာကြောင့် သူ့ကဗျာကို ကျနော်က ယူသုံးဖြစ်ပါတယ်။ ..... ကိုကြည်နိုင်

=====================================

တစ်

ဘာမှမထူးဆန်းတဲ့ နာမည်တစ်ခုပါပဲ
အောင်ဆန်း … တဲ့
မင်းမိဘကသာ အဲဒီလိုပေးခဲ့ရင်
မင်းနာမည်လည်း အောင်ဆန်းပဲပေါ့။

ဒါပေမယ့် … မနှိုင်းနဲ့
သူ့သမိုင်းလောက် မင်း .. မခမ်းနားဘူး
သူ့လောက် မင်း … မပေးနိုင်ဘူး
သူ့လို မင်း … အနစ်နာမခံနိုင်ဘူး
သူ့လောက် မင်း … မရဲရင့်ဘူး
သူ့လောက်မင်း …. မနူးညံ့ဘူး
သူ့လောက် မင်း …. မချစ်တတ်ဘူး
သူ့လောက် မင်း … မပြတ်သားဘူး
သူ့လောက်မင်း မရှင်သန်နိုင်ဘူး
(၉၆ နှစ်ရှိခဲ့ပြီ … အခုထိမသေဘူး.. ဘယ်တော့မှလည်း သေမှာမဟုတ်တော့)

 သူ့သမိုင်းမှာ
ဖျက်ရာ မရှိဘူး
ပြင်စရာ မလိုဘူး
သူက အပေးသမား
ဘာမှ ယူမသွားခဲ့
ဒါကြောင့် သူဘာမှမမှားခဲ့ ..
နောက်ဆုံး ….
သူပျိုးခဲ့တဲ့ အပင်ကိုတောင်
သူမမြင်လိုက်ရဘူး။

ကဲ .. သူငယ်ချင်း
မင်းလည်း အောင်ဆန်းဆိုတဲ့ အမည်တစ်လုံး
ပေးခွင့်ရှိတယ်
ဒါပေမယ့် ..
စာလုံးပေါင်းကလွဲလို့
ဘာမှတူမယ် မထင်နဲ့။

ကိုကြည်နိုင်(ကျုံတိုင်းရွာ)
=============================================

နှလုံးသားဝှိုက်ဘုတ်ပေါ်က မမေ့နိုင်ခြင်းရက်စွဲ


ရာဇ၀င်ထဲမှာ  အတ္ထုပတ္ထိတွေလည်း ရှိခဲ့သူတွေ . . .

မော်ကွန်းမှတ်ကျောက်  ဆိုတာလည်း  ထိုးလောက်ရသူတွေ . . .

မြင့်မြတ်တဲ့  စွန့်လွှတ် စတေးမှုအောက်က

လွတ်လပ်ရေးရဲ့  အသီးအပွင့်တွေကို


ငြိမ်းချမ်းစွာ   ခူးဆွတ်နေကြ ပေမယ့် ၊

ဒီပုံရိပ်တွေကိုပဲ ...

ဥပက္ခာပြုသူတွေ . . . ပြု ၊

နှလုံးသားမှာ  သိမ်းသူတွေ . . . သိမ်း ၊


အခန်းထောင့်မှာ  မှောက်သူတွေ . . . မှောက် ၊

နံရံပေါ်  ချိတ်ဆွဲသူတွေ . . . ချိတ်ဆွဲ ၊



ညစ်ပတ် ပေရေအောင်  ပစ်သူတွေ . . . ပစ် ၊

မမေ့နိုင်ခြင်းနဲ့  သန့်စင်ကြသူတွေက . . . သန့်စင်ကြ ...


နောက်ဆုံးတော့ ...

ဘယ်သူတွေက  ဘာမှလာမပြောနဲ့

ကျွန်တော်တို့ကတော့


၁၉ ဇူလိုင်ရောက်တိုင်း ...

ဝမ်းနည်းမှုသင်္ကေတရဲ့   ဥသြသံကို  တမ်းတ

၆၄ - နှစ်တိုင်အောင် အလံတစ်ဝက် လွှင့်တင်ရင်း

ကျွန်တော်တို့ရဲ့

နှလုံးသား ၀ှိုက်ဘုတ်မှာ

ပုံရိပ်ကိုးခုစလုံး  ချိတ်ဆွဲနေခဲ့တုန်းပဲ . . . . . ။           ။


( ၆၄ ) နှစ်မြောက် အာဇာနည်နေ့အား ဂုဏ်ပြုရေးဖွဲ့ပါသည် ။

လေးစားခင်မင်လျှက် - ဇင်မင်းကို “ ၀ဿန်မြေ ”

===============================
တစ်ဆယ့်ကိုး

ဘယ်သီချင်းစာသားက ထိမိဆက်စပ်နိုင်မလဲ

ပြတ်ရွေ့နေတဲ့ လူ့သမိုင်းကြောင်းမှာ

မေလှမြိုင်ရဲ့ အာဇာနည်နေ့သီချင်းသံကြားတိုင်း

ကျွန်တော် အခါအခါငိုကြွေးမိ ။


မိုးခါး(စွယ်တော်ရွေး)

====================================================

ဇူလိုင် အဆိုးကြီး


မျက်ရည်များ
သွေးစက်များဖြင့်
စွန်းထင်းပေကျံနေသော
“ဇူလိုင်” သည်
ရုပ်ဆိုးကြီး အဖြစ်နှင့်
ရာဇ၀င် တွင်ကျန်ရစ်ခဲ့ပြီကော...။

မိုးကလည်း
သည်လမှာမှ
သည်းကြီးမည်းကြီး
ရွာချတတ်သလို
လေပြင်းတွေတိုက်
လျှပ်စီးတွေလက်
မိုးကြိုးတွေပစ်
နာဂစ်၊ ဂီရိဖြစ်သလိုမျိုးပေါ့။

အဖြစ်အပျက်တွေက
မေ့စရာ ဘယ်လိုမှ မကောင်းခဲ့ပါဘူး
“ကြောင်ကို ကြွက်က
မေ့မရလျှင်
ချစ်ကြတယ်လို့ ဆိုမလား”...တဲ့။
ကဗျာဆရာတစ်ယောက်က
 ဖွဲ့ဆို
ကဗ္ဗည်းတင်ခဲ့ဖူးပါတယ်။
ဟုတ်တယ်
ဘယ်လိုမှ မေ့မရစရာ
ကြေကွဲစရာတွေ
ဇူလိုင်မှာ...
ဖြစ်ခဲ့တယ်
ပျက်ခဲ့တယ်
ဖြစ်ပျက်ခဲ့တယ်။

သွေးမိုး
မျက်ရည်မိုး
“ဇူလိုင်မိုး”..ရေ
အညိုးတကြီး
အဆိုးချည်း မဖြစ်ပါနဲ့တော့ လို့...။

လပွတ္တာ မောင်ရွက်ဝါ

ဇူလိုင်(၇) နှင့် (၁၉) ရက်နေ့များသို့....။
=====================================================================

မြန်မာ့ အာဇာနည်

သူငယ်ချင်းရယ်..
မြန်မာ့ အာဇာနည်
မြန်မာ့သူရဲကောင်းတွေဟာ

အသက်တွေ အပိုပါလို့
တိုက်ပွဲတွေ ဆင်ခဲ့တာ မဟုတ်၊

ကျောက်စာတို့မှာ
ကမ္ပည်းထိုးနိုင်ဖို့
တိုက်ပွဲတွေ ၀င်ခဲ့တာ မဟုတ်၊

စာသင်သားတို့အတွက်
သမိုင်းပြဋ္ဌာန်းစာတစ်ရပ်ဖြစ်ဖို့
လက်နတ်တွေ ကိုင်ခဲ့တာ မဟုတ်၊

နောင်လာသူတို့အတွက်
ပါးစပ်ရာဇ၀င်တစ်ပုဒ်ဖြစ်ဖို့
လက်နတ်တွေ လွယ်ခဲ့တာ မဟုတ်၊

သူရဲကောင်းဘွဲ့ကို
တရှိုက်မက်မက်ဖြစ်လို့
လက်နတ်တွေကို အဖော်ပြုခဲ့တာ မဟုတ်၊

သားသတ်မုဆိုး
အသက်သတ်ဝါသနာကြီးလို့
တိုက်ပွဲတွေ စိန်ခေါ်ခဲ့တာ မဟုတ်၊

အင်္ဂုလိမာလလို
ကောက်ကျစ်တဲ့ ပတ်ဝန်းကျင်ကြောင့်
တိုက်ပွဲခေါ်သံတွေကြား ၀င်တိုးခဲ့တာ မဟုတ်၊


တကယ်တော့လေ…
မင်းတို့ ငါတို့...
လွတ်လပ်စွာ နေရဖို့
တည်ငြိမ်အေးချမ်း နေရဖို့
ငြှိုးငယ်မျက်နှာတို့ ရွှင်လန်းဖို့
မြန်မာ့သတ္တိ၊ မြန်မာ့ဇွဲကို ပြဖို့
အနိုင်ကျင့်ဗိုလ်ကျမှုကို ထုချေဖို့
ယဉ်ကျေးမှုတွေ သွေးမရောဖို့
ဘာသာရေးတွေ မကွယ်ပဖို့
လက်တွေ သွေးစွန်းခဲ့ရတယ်
ရဲရဲတောက် နေရောင်လို
အသက်တွေ စတေးခဲ့ရတယ်
တံတွေး တစ်စက်မျှ သဘောထားလို့
ကိုယ်ပိုင်အိမ်မက်တွေ မျိုသိပ်ခဲ့ရတယ်
ကမ္ဘာ့အပြင် ထုတ်ထားသလို...၊

အရှင်ဝိသုတ-ရေနီ
8.7.2011
အာဇာနည်နေ့ကို ဂုဏ်ပြုလျက်....။
================================================================
အာဇာနည်တွေ

ကံကြမ္မာ ဂြိုလ်ဆိုးက

ဇူလိုင် ၁၉ မှာ ၀င်မွှေခဲ့လို့

အများအတွက်

လူမျိုးအတွက်

ဘာသာ သာသနာအတွက်

ဇာတိအနွယ် မြန်မာတွေအတွက်

ကျွန်ဘ၀ကလွတ် သခင်ဘ၀ရောက်ဖို့အတွက်

လွတ်လပ်သော တိုင်းပြည်အတွက်

မဆုတ်မနစ် နောက်မတွန့်စွာ

အသက်ကိုပေး စတေးခံ

ရဲရဲဝံ့ စွန့်လွှတ်မှုနဲ့ နစ်နာခံခါ

ကမ္ဘာမှာ ရွှေမြန်မာရယ်လို့

အမည်ခေါ်စရာ ချန်ခဲ့

သမိုင်းအမှန် တွင်ကျန်ရစ်အောင်

ကြိုးစားပေးသူတို့ကိုမှ

သွေးမြေကျအောင် လုပ်ရစ်ခဲ့တာ

၆၄ နှစ်တိုင်ခဲ့ပါရော

မဖြေနိုင် မဆည်နိုင်

မမေ့နိုင် မပျယ်နိုင်

ဝမ်းနည်းမှု လှိုင်လှိုင်ထလို့

အစားထိုးလို့ မရနိုင်တော့တဲ့

အာဇာနည် ပုဂ္ဂိုလ်ထူးတွေ။       

လေးစားစွာဖြင့်

နှင်းအိပ်မက်
=====================================================

ဂျူလိုင်မှတ်တမ်း

ဆန်းပြားထွေလီ၊ လူ့ဌာနီဝယ်၊ ရွှေပြည်အမိ၊ အန္တရာယ်သိလဲ၊
ရှစ်ပါးလောကဓံ၊ ကိုလိုနီရန်ကို၊မခံနိုင်ရှာ၊ နှစ်ပေါင်းများစွာ၊
နယ်ချဲ့လက်သက်၊ ငှက်သူငယ်ပမာ၊ လှောင်ချိုင့်အတွင်း၊ ၀ပ်ဆင်းခဲ့ရသည်။
မြန်မာ့အားမာန်၊ ထက်သန်သန်နှင့်၊ အညံ့မခံ၊ တွန်းလှန်ကြလဲ၊
ဟိုနားတစ်စု၊သည်နားတစ်စုနှင့် ပင်၊အရာမထင်၊ပန်းမ၀င်ခဲ့။

နယ်ချဲ့နတ်ဆိုး၊ ကံဆိုးမိုးရွာ၊ ဒို့ပြည်သာကို၊
စိုးမိုးဗိုလ်ကျ၊ ဓမ္မပျောက်ဆုံး၊ ဘာသာတုံးအောင်၊
သာသနာတောင်အလွတ်မပေးတာမို့၊ အိုဗျာ.. တကယ်မခံချိမခံသာပါပဲ။
ဒီဘေးဆိုးက၊ နိုးထလွတ်မြောက်၊ ရွှေလမ်းဖောက်ဖို့၊
အာဇာနည်တစ်ယောက်၊ နတ်မောက်နယ်
မှာ၊ ပေါ်ထွန်းရာဝယ်.....
လက်ရုံးများမြောင်၊ ဥာဏ်များဆောင်လို့၊
သွေးသောက်သုံးကျိပ်၊ တိတ်တဆိတ်စုစည်း၊ ဂျပန်
ခရီး၊ မနီးသော်လည်း၊ သေဒဏ်ကျနိုင်၊ သိပါသော်လည်း၊ ပြည်ကြီးကောင်းရန်၊
စိတ်ရည်သန်ပြီး၊ မတွန့်
မဆုတ်၊ ပြုလုပ်ခဲ့သည်။
ရာဇ၀င်မှာစာတင်လောက်ခဲ့၊ အားလုံးထဲက ဖောက်ထွက်လို့၊
တပ်မတော်တစ်ရပ်ဖန်တီး၊
ရန်စွယ်ကြီးကို၊ နိုင်မယ့်နည်းလမ်းစည်းကမ်းနဲ့၊ ဟိုတစ်စု၊
သည်တစ်စုကိုခေါင်းဆောင်၊ နယ်ချဲ့ဘောင်
ကို၊ ရိုက်ချိုးအောင်နိုင်ခဲ့သည်။
တိုင်းရင်းစည်းလုံး၊ အပြုံးပန်းဆင်၊ အောင်ပွဲဝင်ဖို့၊
ပြည်မတောင်တန်း၊ ဘယ်စခန်းမချန်၊
မျှတမှန်ကန်၊ ရင်းနှီးစေရန်၊ ပင်လုံသက်သေ၊ ကမ္ဘာမကြေသရွေ့၊ တည်စေခဲ့သည်။
ထိုသို့ကောင်းသူ၊ လူဇမ္ဗူကား၊ အများအကျိုးအတွက်၊
ကိုယ်ကျိုးမငဲ့၊ ဆောင်ရွက်ခဲ့သော်လည်း၊
ဘာမျှမသိ၊ လူ့နတ္ထိတွေက၊ အသေပစ်ခတ်၊ ရက်စက်ခဲ့ကြတာများ၊
ထောင့်ကိုးရာလေးဆယ့်ခွန်၊ လွန်လေ
ခဲ့ပေမယ့်၊ ဆယ်ကိုးဂျူလိုင်၊ မမေ့နိုင်တာ၊ ယနေ့တိုင်ပါပဲ....

လွန်လေခဲ့ပေမယ့်၊ ဒို့တွေလုပ်နိုင်၊ ဘာလုပ်နိုင်မလဲ၊
ခွဲခြားသေချာ၊ ချင့်ချိန်ရာမှာ၊ ဗိုလ်ချုပ်ဆန္ဒ
သူ့ဆန္ဒကို၊ ပြည့်ဝစေဖို့၊ ဘာတွေဒို့လုပ်မလဲ?
ဆန်းသစ်တီထွင်၊ ဒို့အားအင်နှင့်၊ ပြည်ခွင်သာဖို့၊
ညီညာပေါင်းစု၊ စွမ်းအင်ပြု၍၊ တိုင်းရင်းသွေး
ချင်း၊ ညီကိုရင်းများ၊ စည်းလုံးကြလျှင်၊ ဗိုလ်ချုပ်လိုအင်၊ ပင်ကိုဆန္ဒလဲ၊
ပြည့်ဝမည်မှာ၊ သေချာပါ၏။
ဗိုလ်ချုပ်စကား၊ အမြဲနားထောင်၊ နိုင်ငံ့ဂုဏ်ရောင်၊
ထွန်းပြောင်စေဖို့၊ ပညာ့အလင်းရောင်၊
ဥာဏ်ကိုဆောင်လို့၊ ရွှေပြည်မြန်မာ၊ ကမ္ဘာ့အလယ်မှာ၊ တင့်တယ်စေမည်။

မြန်မာ့ခွန်အား၊ အားကစားလဲ၊ မိုးကြိုးသွားသို့၊
စူးရှထက်မြက်၊ ပြိုင်ဘက်ကင်းကင်း၊ ထိန်လင်း
စေမည်။ ဘက်စုံဖွံ့ဖြိုး၊ တိုးတက်စေမည်။ မြန်ပြည့်စွမ်းရည်၊
ခေါင်းဆောင်ကောင်းတွေ၊ ပေါ်ထွန်းစေမည်။
ယခုပင်လျှင်၊ အပြောမဟုတ်၊ အားအင်စုထုတ်၊ ပြုလုပ်ပါစို့!
ယခုပင်လျှင်၊ ဗိုလ်ချုပ်ဆန္ဒ၊ ပြည့်ဝစေဖို့၊
ဒို့တွေညီညာ၊ စည်းလုံးပါစို့!

ယခုပင်လျှင်၊ မြန်မာ့လုံ့လ၊ ကမ္ဘာသြချရအောင်၊ လုပ်ဆောင်ကြပါစို့!


written by

မောင်သက်အိုး
================================================

သွေးစွန်းခဲ့သော စနေနေ့

အာဇာနည်နေ့တဲ့ လူငယ်တစ်ယောက်အနေနဲ့ ကိုယ့်ပါသာလည်း ရှက်မိပါတယ်ဗျာ ။ကိုကြည်နိုင်
(ဆရာကျောင်း ) က အာဇာနည်နေ့ အမှတ်တရ တစ်ခုခုရေးပေးပါတဲ့ ။ ရေးဖို့ဆိုပြီး
အရင်ဆုံးစဉ်းစားကြည့်လိုက်တော့ အာဇာနည်နေ့နှင့် ပတ်သက်ပြီး ဘာတွေသိထားတာရှိလဲပေါ့ ။
ပထမဆုံး သတိရလိုက်တာ   ၁၉ ဇူလိုင် ဒါ အာဇာနည်နေ့ပဲ ၊ နောက်  ၁၉၄၇ ခုနှစ် ဇူလိုင် ၁၉ ရက် စနေနေ့ မှာ ဖြစ်ပွားခဲ့တာပဲ ။ အာဇာနည်ခေါင်းဆောင်ကြီးတွေက  ၉ ဦး ဟုတ်ပြီပေါ့ ။ နောက်ထပ် စဉ်းစားမိပြီး
အာဇာနည်  ၉ ဦးရဲ့ နာမည်တွေကို ရွတ်ပြီး လက်ချိုးရေမိတယ်။  ကျွန်တော် ၈ ဦးရဲ့ နာမည်ကိုပဲ
မှတ်မိတော့တယ်။ အာဇာနည်ခေါင်းဆောင်ကြီး ၁ ယောက် နာမည်ကို ဘယ်လိုမှစဉ်းစားမရ ဖြစ်နေခဲ့တယ်။
အချိန်တော်တော်ကြာအောင် စဉ်းစားတယ် ဘယ်လိုမှ စဉ်းစားမရတဲ့အဆုံး  Google
ကနေပဲရှာလိုက်မိတယ်။ အာဇာနည်နေ့နဲ့ပတ်သတ်တာတွေမနည်းမနောပါပဲ ။ ကျွန်တော်မေ့နေတဲ့
အာဇာနည်ခေါင်းဆောင်ကြီးနာမည်ကိုလည်း သိလိုက်ရပါတယ် ။ ဦးအုန်းမောင် တဲ့ ။
Google ကနေရှာရင်းနဲ့ အာဇာနည်နေ့အကြောင်းရေးသားထားတဲ့ Website တွေ Blog
တော်တော်များများဟာ  Denied  ဖြစ်နေတာကိုတွေ့ရပါတယ်။နောက် ကျွန်တော်ကိုယ့်ပါသာ
ဆက်စဉ်းစားမိတယ် ငါ မြန်မာနိုင်ငံသား တစ်ယောက်ဖြစ်ပြီး ဘာလို့ အာဇာနည် ၉ ဦး ရဲ့ နာမည်ကိုတောင်
အကုန်မသိရတာလဲဆိုပြီး ။ ကျွန်တော့်ဘဝမှာ အာဇာနည်နေ့နဲ့ ပတ်သက်ပြီး ဘာတွေများ မှတ်မှတ်ရရ
ဖြစ်စရာတွေရှိလည်းဆိုတော့ ဘာမှမရှိဘူးဖြစ်နေတယ် ။ ငယ်ငယ်တုန်းက ကျောင်းသင်ခန်းစာထဲမှာ ပါလို့
သာ ခုနှစ်တွေ ရက်တွေ  အာဇာနည် ၉ ဦး ဆိုတာကို သတိရနေသေးတာပါ။ နောက် ရုပ်သံ သတင်းတွေနဲ့
သတင်းစာတွေမှာ ပါလို့သာပေါ့ ။  ကျွန်တော်အပါအဝင်ပေါ့ လူငယ်တော်တော်များများဖြစ်မှာပါ
အာဇာနည်နေ့မှာ ဘာတွေများ အထိမ်းအမှတ်လုပ်ကြသလဲ ။  ကျွန်တော်ထင်တယ်  ၉၀% ကတော့
ဘာမှလုပ်ဖြစ်မှာမဟုတ်ပါဘူး ။ဒါဟာ ကျွန်တော်တို့ လူငယ်တွေအပြစ်လား ။ ကျွန်တော် ငယ်ငယ်တုန်းက
မှတ်မိပါသေးတယ် လူကြီးတွေ အိမ် အလည်သွားရင် သူတို့ အိမ် ရှေ့ခန်းထဲမှာ  ဗိုလ်ချုပ်အောင်ဆန်း ပုံ နဲ့ 
နိုင်ငံတော်အလံတော်ကို တလေးတစား ချိတ်ဆွဲထားကြတယ်။ အခု ကျွန်တော်တို့ ခေတ် ဗိုလ်ချုပ် ပုံ
ပါရှိတယ့် ပိုက်ဆံစက္ကူတောင်မရှိတော့ဘူး။ နောက် နိုင်ငံတော်အလံ ကို တလေးတစား ချိတ်ဆွဲဖို့နေနေသာ
ရုပ်ရှင်ရုံတွေမှာ နိုင်ငံတော်သီချင်းနဲ့ နိုင်ငံတော်အလံ လာရင်တောင် ဘယ်သူတွေများ ဟိုးယခင်ကလို
တလေးတစားထပြီး အလေးပြုကြပါသေးလဲ ။
ကျွန်တော်တို့ ခေတ်ကာလမှာတောင် ဒီလောက်ဖြစ်နေရင် နောက်နောင် ကျွန်တော်တို့ နောက်
မျိုးဆက်သစ်တွေ ခေတ်ကာလ ကြရင် ပိုဆိုးလေမလား ။ မည်သို့ဖြစ်ပါစေ မြန်မာနိုင်ငံသမိုင်းမှာ
ရုပ်ဆိုးအကျည်းတန်လွန်းတဲ့ ဖြစ်ရပ်တစ်ခု ဖြစ်ခဲ့ရတဲ့ သွေးစွန်းခဲ့သော စနေနေ့မှာ
ဂဠုန်ဦးစော နှင့်အပေါင်းအပါတစ်စုကြောင့် ဆုံးပါးသွားခဲ့ရတဲ့ အာဇာနည် ၉ ဦးဖြစ်တဲ့ ဗိုလ်ချူပ်အောင်ဆန်း
၊ သခင်မြ ၊ ဦးဘဝင်း ၊ မန်းဘခိုင် ၊ ဦးရာဇတ် ၊  စဝ်စံထွန်း ၊ ဒီးဒုတ်ဦးဘချို ၊ ဦးအုန်းမောင် ၊
ရဲဘော်ကိုထွေးတို့ အား  ကျွန်တော်တို့အားလုံး "သေသောသူကြာလျှင်မမေ့နိုင်ကြပါစေ" ဟု
တောင်းဆုပြုရင်း ယခု ပို့စ်လေးမှ ဦးညွှတ်အလေးပြု လိုက်ပါသည်။

======================================================
တစိမ့်စိမ့်တွေး
အာဇာနည်တို့ရဲ့ သွေး
    အာဇာနည်တို့ရဲ့ချွေးမှ စီးဆင်းလို့လာ
စမ်းချောင်းလေးမှာ အေးချမ်းနေကြ တဲ့ ငါတို့
ပစ္စုပ္ပန်ကို ထိန်းသိမ်း
အနာဂတ်ကို ခန်းနားစေ
မျိုးချစ်စိတ်တွေ အားမာန်ဖြည့်
ပြည်ချစ်စိတ်တို့ ရဲတင်းစေ
သခင်ဖြစ်လိုစိတ် တွန်းအားဖြည့်
မခံချင်စိတ်တို့ မာန်ဝင်စေ
ညီညွတ်ခြင်းတွေ ကျစ်လစ်စေ
ပြုပြင်မှုတွေ ကြီးထွားစေ..
အမိမြန်မာပြည်ကြီးကတော့
ကောင်းမွန်မှုကို ငံ့လင့်လို့
ရေဆာနေ ခရီးသွားတစ်ဦးလိုပေါ့၊
ကြီးကျယ်သော အောင်မြင်မှုတိုင်း
တစ်ယောက်ကောင်းရုံမျှ မဖြစ်သလို
တိုက်တိုင်းနစ်သင်္ဘောဟာ
ညီညွတ်တဲ့ အင်အားကြောင့်
ကမ္ဘာကျော်ခဲ့တာ...
မင်းတို့ ငါတို့က....
ကမ္ဘာကို ကျော်မှာလား?
ကမ္ဘာက ကျော်တာကို ခံမှာလား?
တစိမ့်စိမ့်တွေး တဖြေးဖြေး ဖြေလေ သူငယ်ချင်း.....။ ။

အရှင်ဝိသုတ-ရေနီ

8.7.2011

အာဇာနည်နေ့ကို ဂုဏ်ပြုလျက်....။
==========================================================================

၁၉ဇူလိုင် မမေ့နိုင်
လွန်ခဲ့တဲ့နှစ်ပေါင်း ၉၀လောက်က အတိတ်စာမျက်နှာတွေ ပြန်လှန်ကြည့်ရင်
နွံနစ်တာတွေရှိတယ် ကျွန်ဖြစ်တာတွေရှိတယ်
စိတ်မကောင်းစရာတွေရှိတယ် စိတ်ထောင်းကိုယ်ကြေတာတွေရှိတယ်
မတရားမှုတွေရှိတယ် မယားလုမှုတွေရှိတယ်
အနေကြပ်မှုတွေရှိတယ် အသေသတ်မှုတွေရှိတယ်
ကွဲပြားမှုတွေရှိတယ် လွဲမှားမှုတွေရှိတယ်

လူတော်တော်များများမှာ
အမေကျော် ဒွေးတော်လွမ်းတာတွေရှိတယ်
အဖေကျော် ပထွေးခေါ်ငမ်းတာတွေရှိတယ်
တိုင်းတပါး သွေးထိုးမှုတွေကြောင့်
ပြိုကွဲမှုတွေရှိတယ် ငိုပွဲနုတွေရှိတယ်
သည်မိုး သည်လေ
သည်လူတွေနှင့်
သည်ခရီးကို ဘယ်လိုဆက်ရပါ့
ဗိုလ်ချုပ်ဒိအတွက်စိတ်မပျက်ခဲ့
အစည်းပြေနေတဲ့ ၀ါးတွေကို ပြန်စည်းတယ်
သံချေးတက်နေတဲ့ ဓားတွေကို ပြန်သွေးတယ်
၁၉၈၄-ခုနှစ်
နေရောင်ခြည်နုနုမှာ
ပြည်ထောင်စုကို ကိုယ်စားပြုတဲ့
မြန်မာနိုင်ငံတော်အလံကို လွှင့်ထူနိုင်ခဲ့ပေမယ့်
ပြည်သူတွေ အိမ်မက်လှလှမမက်ခင်
တို့ဗိုလ်ချုပ်ကတော့
စောစောစီးစီး မိုးချုပ်သွားခဲ့တာ
၆၄-နှစ် တိုင်ခဲ့ပြီကော

ဇူလိုင်လ ၁၉ ရက်နေ့မှာကျရောက်သော
အာဇာနည်နေ့ကို ဂုဏ်ပြုပါသည် ။
အရှင်ဇာနေယျ-ပုလဲ
===============================================
၆၄ကြိမ်မြောက်အာဇာနည်နေ့ သို့
ညီလေးရေ....
မဖြေနိုင်...မပျယ်နိုင်...မမေ့နိုင်သေးဘူး
အဲဒီ...ဇူလိုင်၁၉ ဂြိုလ်ဆိုးငင်တဲ့တစ်နေ့ကိုလေ...
အများအတွက်......အတ္တမဲ့တဲ့လူ....
အများအတွက်....အသက်မငဲ့သူ
အများအတွက်.....မျက်နှာမပျက်တဲ့လူ
အများအတွက်......နောက်မတွန့် တတ်သူ
အများအတွက်......အကြောက်အရွံမရှိတဲ့လူ
အများအတွက်...ပေးဆပ်ရဲတဲ့လူ
အများအတွက်...စွန့် လွှတ်ဝံ့ခဲ့သူ
သူလိုလူ....ဇဗ္ပူမရှိပါဘူး
အများအတွက်...ပြီး..အများအတွက်
တရားသိလျှက်..တရားမဖက်
ခါးအထက်...ဓါးတစ်လက်လွယ်....
ပြည်သူတွေ...လွတ်လပ်စေဘို့ ...
သားပစ်..မယားပစ်...
တကယ်တော့...သူဓါးကိုချစ်သူမဟုတ်
ဥစ္စာစည်းဇိမ်မမက်တဲ့သူ
စာအုပ်တွေသာချစ်တဲ့သူ
ပြည်သူတွေသာချစ်တဲ့သူ
နှလုံးသားဖြူစွာ..အရိုင်းဆန်ခဲ့သူ
သူလိုလူ....ဒီဇမ္ဗူမရှိပါဘူး
ကမ္ဘာ့အလည်...မြန်မာရယ်လို့ 
အမည်ခေါ်စေခဲ့သူ...
ကမ္ဘာအလယ်...သာသနာမကွယ်ဘို့ 
မိစ္ဆာတိုက်ပွဲဆင်ခဲ့သူ...
မြန်မာအနွယ်...ဇာတိမကွယ်ဘို့ 
သွေးစုတ်မခံ တော်လှန်ရဲခဲ့သူ
သူနင်းတဲ့လမ်း..ခရောင်းလမ်း
သူလျှောက်ခဲ့လမ်း...ဆူးခင်းလမ်း
သူခင်းတဲ့လမ်း...ပန်းခင်းလမ်း
သူဖောက်တဲ့လမ်း....သုခလမ်း
ငါတို့ နင်းဖြတ် သူ့သွေးမြေမှာ
ငါတို့ ပိုင်တာ...ငါတို့ မြေ..
ငါ့တိုပလ္လင်..ငါတို့ အရှင်...ထိုင်စေချင်သူ
ငါတို့ သခင်ဖြစ်ဖို့ တိုက်ပွဲဝင်ခဲ့သူ
သူလိုလူ...ပုဂွိုလ်ထူးတွေ
အတိတ်တစ်နေ့....
ဇူလိုင်၁၉ရက်နေ့မှာ
သွေး  မြေခခဲ့တယ်တဲ့လေ..
၁၉ဇူလိုင်...မမေ့နိုင်ဘူး....
မဖြေနိုင်...မပျယ်နိုင်...မမေ့နိုင်သေးပါဘူး....

အရှက်ပြေ ရေးတဲ့ကဗျာဖခင်...
တစ်ဘ၀စာလုံး
ရင်းနှီးခဲ့
ပေးဆပ်ခဲ့
အသက်ပင် စွန့်ခဲ့...။
မကွာဝေးလှတဲ့ နှစ်များစွာ...
ခမ်းနားသော သမိုင်း
ဒါ...ပုံပြင်မဟုတ်
သားချော့တေးလည်း မဟုတ်ပါပဲ
ဖခင် ဆင်သပေးခဲ့သော အေးပုခက်တွင်းမှာ
ယစ်မူးဇိမ်ကျ...
ခုထိလည်း လူလားမမြောက်နိုင်ကြ။
တခါတရံ
နှာခေါင်းနဲ့ကျည်ပွေ့
ပွဲတွေ့ကြုံလေမှ
ဖခင်ကို တ, ငိုမိကြတာ

ခွင့် မလွှတ်ထိုက်ပါကြောင်း...။           ။
သတိုး


၁၉ ဇူလိုင်
တိုင်တစ်ဝက်လွှင့်ထူထားတဲ့အလံနဲ့
ဝမ်းနည်းခြင်း အထိမ်းအမှတ် ဥသြ သံနဲ့....။
ကျွန်တော်တို့ မမှီလိုက်တဲ့ သမိုင်း
ကျွန်တော်တို့ ဖြတ်သန်းနေတဲ့ ပစ္စုပ္ပန်
ကျွန်တော်တို့လက်ဆင့်ကမ်းရမယ့်အနာဂါတ် ဟာ
အာဇာနည်တွေ သွေးနဲ့ တည်ဆောက်ခဲ့တာ...။
"  အမေကပြန်ပြောပြခဲ့တယ်
ဇူလိုင် (၁၉)မှာ
ဗိုလ်ချုပ်နဲ့  ခေါင်းဆောင်တွေ
ကျဆုံးပြီလည်းဆိုရော
တစ်တိုင်းပြည်းလုံး
ငိုကြရော ..တဲ့... "
ငယ်ငယ်တုန်းကလို
ရေဒီယိုက ဥသြ သံကြားရရင်
လျှောက်နေရင်း မတ်မတ်ရပ်
ကျွန်တော်တို့ အလေးပြုတတ်ဖို့...။
အာဇာနည်တွေ သွေးနဲ့ရေးတဲ့
လွတ်လပ်ရေး
ကျွန်တော်တို့လေးစားတတ်ဖို့...။
အာဇာနည်မျိုး
သေရိုး မရှိ...တဲ့
ခေတ်အဆက်ဆက် အာဇာနည်များ
ကျွန်တော်တို့ရဲ့ အားမာန်...။
လွမ်းသူ့ ပန်းခွေချ
အလေးပြုခြင်းမှာ
ကျွန်တော်တို့ရဲ့ ကတိသစ္စာ
ဇူလိုင်လရဲ့ မိုးရေစက်ထဲမှာ
ကျွန်တော်တို့ရဲ့ မျက်ရည် ...။
ရွာလို့မဆုံးနိုင်တဲ့ မိုးရေစက်များ
ဦးညွှတ် လို့မဆုံးနိုင်တဲ့ အလေးပြုခြင်းများ...။   ။


အောင်ကျော်ထူး
===============================================
ဗိုလ်ချုပ်အောင်ဆန်း (သို့ )အဖေ

ဒီနေ့ တနေ့ တည်းအတွက်ကျခဲ့ တဲ့  သတိရမျက်ရည်မဟုတ်ဘူး
နေ့ စဉ်ရက်ဆက် ကမ္ဘာတည်နေသ၍
ဂုဏ် သိဂ် ဒြပ်တစ်ခုရဲ့ တန်ဖိုးထားရာအထွဋ်အထိပ်
ခင်ဗျားစားနေတဲ့ အာလူးတွေ
ဖြတ်လျောက်ဖူးတဲ့  နေကြာပန်းခင်းတွေ
နစ်ရှေးရဲ့ အဆိုအမိန့် များစွာ
ယန်းပေါ့ ဆာဒ်ရဲ့ ဝါဒတွေ
ဒီမှာဗျ
ဒီနေ့ အတွက်ခဏတော့ မေ့ ပေးပါ
ဂေါ်ဂင် အကြောင်းလား ခုတော့ ခဏနော်
အဲလဘတ်ကမူးဘာတွေပြောခဲ့ တယ်ဆိုတဲ့ အကြောင်းထက်
သူဘာတွေပြေသွားခဲ့ တယ်ဆိုတာလဲပြောပြချင်တယ်
တော်စတွိုင်းရဲ့ ဝထ္ထုတွေထက် သူ့ အရိပ်ကပိုရှည်တယ်
ရိုးသားလွန်းတော့  ကောက်ကျစ်တယ်ဆိုတာ
ဘာမှန်းသိမသွားဘူး
အမှန်တရားကိုချစ်လွန်းလို့ ဆိုတဲ့ 
သူရဲကောင်းတို့ ရဲ့ ပြယုဂ်အဖြစ်
ထာဝရအလင်းဗိမ္မာန်မှာ သူခုထိရှိနေခဲ့ တယ်
နယ်လ်ဆင်မန်ဒဲလားနဲ့ တွေ့ ရင်လဲ
သူ    လက်ဆွဲနှုတ်ဆက်ဦးမှာ
မာသာထရီဆာ ကိုလဲ သူတွေ့ ချင်နေမှာကျနော်သိတယ်
ခင်ဗျားလက်ကနာရီက ၁၀ နာရီ ၃၅ မိနစ်လား
ဒီလိုလုပ်ဗျာ
ခဏတော့ မတ်တပ်ရပ်ပေးပါ
မြစ်ထဲကသင်္ဘောတစီးစီးရဲ့ ဟွန်းသံကြားရင်
ဦးညွတ်အလေးပြုကြစို့ 
ကျနော်နဲ့ ခင်ဗျားတို့ တွေ တနေ့ ဆုံဖြစ်ကြရင်
ကျနော့် အဖေအကြောင်း
တခမ်းတနားပြောခွင့် ပြုပါ    ။


   =========================================
“အာဇာနည်”

မင်းတို့သိနေတဲ့
“အာဇာနည်” ဆိုတာ
ဝတ်ကျေတမ်းကျေ ပန်းခွေတွေကြား
တစ်နေ့စာလောက် သတိရဖို့
အသက်စွန့်ခဲ့တာ မဟုတ်ဘူး။

အချိန်နဲ့ အဂတိ တိုက်စားတိုင်း
မှေးမှိန် ပျောက်ကွယ်လွယ်ဖို့
ကမ္ဗည်းထိုးခဲ့တာ မဟုတ်ဘူး။

အသက်ကို ဖက်နဲ့ထုပ်
ဗေဒင်၊ နက္ခတ်အားကိုးနဲ့မှ
အားယူလင်းမြနိုင်တာ မဟုတ်ဘူး။

အဲ့ဒီ “အာဇာနည်” ဆိုတာ
“၁၃” ဂဏန်း လက်ဆုပ်လက်ကိုင်နဲ့
စနေသား ရာဇဖွား
တို့အားလုံးရဲ့ ရင်ဘတ်ထဲမှာ
ထာဝရနေရာယူနေတဲ့
“သူရဲကောင်း ဖခင်ဗိုလ်ချုပ်” ပဲ။

မိဿမင်းသမီး
================================================

အာဇာနည်ဆိုတာ ....

“အာဇာနည်ဆိုတာ လူအများကောင်းကျိုးအတွက် လူသာမန်တို့ မလုပ်နိုင်တဲ့ စွန့်လွှတ်မှု၊အနစ်နာခံမှုတို့ကို
ကိုယ့်ကိုယ်ကျိုးအတွက်မပါပဲ သန့်ရှင်းတဲ့စိတ်နှင့်သတ္တိရှိရှိလုပ်ဆောင်ပေးတဲ့လူတွေ” လို့ပဲ
သော်တာနားလည်မိပါတယ်။
လောကကြီးမှာ သတ္တိရှိတဲ့လူတွေ စွန့်လွှတ်နိုင်တဲ့လူတွေအများကြီးပါပဲ။ဒါပေမယ့်သူတို့အားလုံးကိုအာဇာနည်
တွေလို့ သတ်မှတ်လို့မရပါဘူး။ အသုံးချတဲ့နေရာပေါ်မှာမူတည်ပြီး အကျိုးဖြစ်ထွန်းမှုကလည်းမတူညီနိုင်ပါ
ဘူး။ကိုယ့်ရဲ့စွန့်လွှတ်မှုက အရာရောက်ရဲ့လား။ အများအတွက် တကယ်ရော အကျိုးရှိရဲ့လား။ အာဇာနည်
ဆိုတာသတ္တိတို့စွန့်လွှတ်မှုတို့ကို လိုအပ်တဲ့နေရာမှာ မှန်မှန်ကန်ကန်အသုံးချနိုင်တဲ့လူတွေပါ။ ဗိုလ်ချုပ်က ကျောင်းသားခေါင်းဆောင်အနေနဲ့ သူ့ကိုလာဖမ်းတော့ ထွက်ပြေးတိမ်းရှောင်တာဟာ သတ္တိမရှိလို့ မဟုတ်ပါ
ဘူး။ ”ဖမ်းလည်းဖမ်းကွာ ။တိုင်းပြည်အတွက်ပဲ ထောင်ကျခံမယ်”ဆိုပြီးလုပ်ခဲ့ရင် လွတ်လပ်ရေးရတဲ့အနေ
အထားထိ ဖြစ်လာဖို့ မသေချာပါဘူး။ အရေးအခင်းမှာ အသက်တွေ။ဘဝတွေပေးခဲ့ရတဲ့ နောင်တော်
ကျောင်းသားတွေအတွက် စဉ်းစားမိတိုင်း အမြဲရင်ထဲမှာ နာကျင်မိတယ်။ သူတို့ရဲ့စွန့်လွှတ်မှုတွေက
တိုက်တန်ရဲ့လား။ ဒီမိုကရေစီအရေးအတွက် အသက်တွေသွေးတွေ ပေးရတာဟာ စီးပွားရေးစကားအရ ရင်းနှီးမြှုပ်နှံမှုတွေပဲလို့ဆိုရင် ဒါဟာ အကျိုးအမြတ်ရဖို့အတွက် ခိုင်မာရေရာတဲ့အရင်းအနှီးတွေဖြစ်ခဲ့ရဲ့လား
လို့ မမှီတဲ့ဥာဏ်လေးနဲ့ သော်တာတွေးမိပါတယ်။ ဗိုလ်ချုပ်သာ၇ှိခဲ့ရင် ဒါကို ဘယ်လိုပြောမှာပါလိမ့်။
ဗိုလ်ချုပ်အကြောင်းဖတ်ဖူးတဲ့ စာအုပ်တွေအရ ဗိုလ်ချုပ်ကို တော်တော်လေးစားမိတာက သူ့ရဲ့ရိုးသားမှုပါပဲ။
သူ့ရဲ့ရိုးသားမှုက သူ့ရဲ့မျက်နှာမှာ၊ သူ့အပြောအဆို အရေးအသားတွေမှာ၊ သူ့ရဲ့လုပ်ရပ်တွေမှာ အထင်းသား
ပေါ်လွင်နေပါတယ်။ လူတွေအရမ်းလိုချင်တဲ့ ရာထူးတွေ၊အာဏာတွေကိုမမက်ဘဲနဲ့ နိုင်ငံလွတ်လပ်ရေးရပြီး
ရင် အစိုးရအလုပ်ကထွက်ပြီး အေးအေးဆေးဆေး စာလေးရေးစားမယ်” ဆိုတဲ့စိတ်ကူးလေးက သူ့ရဲ့
ရိုးသားဖြူစင်တဲ့ စိတ်ဓါတ်ကိုသိသာစေပါတယ်။ အဲဒီလိုမျိုး အာဇာနည်တွေဟာ လူသာမာန်တို့ မက်မော
တတ်တဲ့အရာတွေကို စွန့်လွှတ်နိုင်စွမ်းရှိကြသူတွေ။
ဗိုလ်ချုပ်က ဟန်ဆောင်တဲ့လူယဉ်ကျေးတွေကို အမြင်ကပ်တဲ့၊ ရိုးသားတဲ့လူရိုင်းတွေမျိုးဖြစ်ချင်တဲ့ လူတစ်ဦး။
လွတ်လပ်မှုကို အရမ်းတန်ဖိုးထားတဲ့လူ။
သော်တာ့ရဲ့ဂျပန်ဆရာနှင့်လည်း ဗိုလ်ချုပ်အကြောင်းဆွေးနွေးဖူးပါတယ်။ (ဆရာက မြန်မာအကြောင်းကို
မြန်မာတွေထက်ပိုသိတဲ့ ဂျပန်လူမျိုးပါ။ စကားချပ်) လူဆိုတာ အများအကျိုးလုပ်တတ်ကြပါတယ်တဲ့။
ကိုယ့်အကျိုးမပါပဲ အများအကျိုးအတွက်သပ်သပ်ဆိုရင် နည်းနည်းတော့ နည်းသွားပြီတဲ့။ လူတော်တော်
များများက အများအကျိုးဆိုတဲ့ခေါင်းစဉ်အောက်မှာ ကိုယ့်အတွက်တော့ နည်းနည်းလေးပါအောင် လုပ်ချင်
ကြတာပဲမလား။ စွန့်လွှတ်တယ်ဆိုတဲ့နေရာမှာလည်း အချိန်တွေ။ငွေတွေ စွန့်လွှတ်နိုင်ပေမယ့် အသက်ကို
စွန့်ဖို့အတွက်ဆို၇င်တော့ လုပ်နိုင်ဖို့ အတော်ခဲယဉ်းသွားပါပြီ။ ဒါကိုမကောင်းဘူးလို့ပြောလို့ မရဘူးလို့
ဆရာကဆိုပါတယ်။ ဒါဟာသက်ရှိတွေရဲ့ သဘာဝကျတဲ့ ပုံမှန်စိတ်အနေအထားပါ။်ဗိုလ်ချုပ်ကသာ ပုံမှန်
စိတ်ထားမဟုတ်တဲ့ အသက်စွန့်လောက်တဲ့အထိထားတဲ့စိတ်နဲ့ လုပ်ခဲ့တာပါ။ ဒီနေရာမှာပဲ လူသာမာန်နှင့်
ဟီးရိုးဆိုတာ အတော်သိသာကွာခြားသွားပြီတဲ့။ ရည်မှန်းချက်ကို ရောက်အောင်လုပ်ဖို့ဆိုတာ စွန့်လွှတ်မှု
သတ္တိတွေရှိရုံနဲ့ မပြည့်စုံသလို အတွေးအခေါ် ဆုံးဖြတ်နိုင်စွမ်းတွေကလည်း အရမ်းအရေးကြီးတယ်မဟုတ်
ပါလား။ ဒါကြောင့် ဒီလိုအာဇာနည်တွေဟာ တိုင်းပြည်တခုမှာ တစ်ယောက်ပေါ်ဖို့ အရမ်းခက်ခဲပြီး လူတွေရဲ့
လေးစားရိုသေမှု၊ အမှတ်ရမှုကို ဖြစ်စေတာ သဘာဝကျလှပါတယ်။ အရမ်းကြိုက်တဲ့ သီချင်းစာသားလေးက
“ငါတို့ ဗမာပြည်ဝယ် မိဘတိုင်းကကွယ်။ ဗိုလ်အောင်ဆန်းလို သူရဲကောင်းတွေ မွေးရမယ်” တဲ့။
သော်တာတို့တွေဟာ အာဇာနည်မဖြစ်နိုင်ရင်တောင်မှ အာဇာနည်လို စိတ်ထားမျိုး အတတ်နိုင်ဆုံးမွေးမြူသင့်
တယ်လို့ ယူဆမိပါတယ်။      ။

ချစ်ခင်လျက်
သော်တာ

source: http://group4writer.multiply.com/journal/item/461/461