မြန်မာနိုင်ငံ တစ်ဝန်းက အကျဉ်းထောင် တွေထဲမှာ ရှိနေကြ တဲ့ နိုင်ငံရေးအကျဉ်းသား ၂၈ ဦးရဲ့ မိသားစုတွေက ရန်ကုန်က သာဓုကန်ဘုရားမှာ အလှူဒါနတွေ လုပ်ခဲ့ကြသလို ငါးလွှတ်၊ ငှက်လွှတ်လုပ်ခဲ့ကြပါတယ်။
အကျဉ်းသားမိသားစုတွေထဲမှာ ၈၈ ကျောင်းသူ မသက်သက်အောင်၊ NLD က ဦးမျိုးခင်၊ နောက်ပြီး မနိုဘယ်အေး၊ သံဃာ့ လှုပ်ရှားမှုမှာ ပါတဲ့ အရှင်စန္ဒာဝရ စတဲ့ သူတွေရဲ့ မိသားစုတွေ ပါဝင်ကြပါ တယ်။
မိသားစုတွေဟာ လက်မှတ်ရေးထိုးပြီး အစိုးရသစ်ဆီကို မကြာခင် ပို့မယ်လို့ ပြောပါတယ်။
အစိုးရသစ်အနေနဲ့ အရင်စစ်အစိုးရနဲ့ လုပ်ရပ် မတူဘူးဆိုတာ ပြချင်ရင်၊ နိုင်ငံသားတွေ အပေါ် စေတနာမှန်ကန်မှုကို ပြသချင်တယ်ဆိုရင် ပထမဆုံးခြေလှမ်းအနေနဲ့ နိုင်ငံရေးအကျဉ်းသား တွေကို လွှတ်ပေးဖို့ လိုတယ်လို့ ပြီးခဲ့တဲ့နှစ်ကမှ ထောင်က လွတ်လာတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ်က အဖွဲ့ဝင်ဟောင်း ကိုဟန်ဝင်းအောင်ကလည်း ပြောပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ရန်ကုန် ရွှေဂုံတိုင်ရုံးချုပ်မှာလည်း နှစ်သစ်ကူးမှာ သံဃာ တွေကို ဆွမ်းကပ်တာ၊ သက်ကြီးပူဇော်ပွဲလုပ်တာတွေ ရှိခဲ့သလို၊ နိုင်ငံရေး အကျဉ်းသား ၃ ဦးကို အညတရသူရဲကောင်းဆု ဆိုတဲ့ ဆုပေးအပ်ပွဲ လည်း ကျင်းပခဲ့ပါတယ်။
ဂျပန်ရောက်မြန်မာတွေကနေ NLD ကတဆင့် ပေးအပ်တဲ့ ဂုဏ်ပြုဆု ချီးမြှင့်ခံရတဲ့ သူတွေကတော့ အင်းစိန်ထောင် ရောက်နေတဲ့ ဦးခင်ဝင်း (ခ) ဘိုးတော်ခင်ဝင်း၊ လားရှိုးထောင်က မဂ္ဂင်ကျောင်းတိုက်ဆရာတော် ဦးအိန္ဒက နဲ့ မအူပင်ထောင်က ကိုသန်းနိုင် တို့ဖြစ်ပြီး သူတို့ရဲ့ မိသားစုဝင်တွေကို ဆုငွေ ၁၀ သိန်းစီ ပေးအပ်ခဲ့ပါတယ်။
တခြားအလှူရှင်တွေကလည်း နိုင်ငံရေး အကျဉ်းသားနဲ့ မိသားစုတွေအတွက် ကူညီခဲ့ကြတယ်လို့ သိရပါတယ်။