NLD ပါတီရဲ့ ရှမ်းပြည်စည်းရုံးရေးခရီးစဉ်မှာ တောင်ကြီးမြို့မှာ ရှမ်းပြည်နယ် မြို့နယ်အသီးသီးက ပါတီအောက်ခြေ အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံပြီး ပါတီရဲ့ ဆုံးဖြတ်ချက်များနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မှာကြားချက်တွေကို အောက်တိုဘာ ၆ ရက် ဒီကနေ့ ပြောပြခဲ့တယ်လို့ အဖွဲ့ ခေါင်းဆောင် ဦးအုန်းကြိုင်က ပြောပါတယ်။
NLD အဖွဲ့မှာ ဦးအုန်းကြိုင်နဲ့ အတူ ဦးကြည်ဝင်း (လပွတ္တာ)၊ ဦးခင်မောင်ရှိန်နဲ့ လူငယ်တွေဖြစ်တဲ့ ကိုမြင့်ဌေးနဲ့ ကိုသူရဇော်တို့ ပါဝင်ပါတယ်။ အစည်းအဝေးမှာ ပါတီက ဆုံးဖြတ်ထားတဲ့ သပိတ်သုံးဆင့် အကြောင်း ရှင်းပြခဲ့တယ်လို့ ဦးအုန်းကြိုင်က ပြောပါတယ်။
“မှတ်ပုံမတင်သော်လည်းပဲ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးဆောင်မှုအောက်မှာ စစ်မှန်တဲ့ ဒီမိုကရေစီ မြန်မာနိုင်ငံမှာ ရရှိရေး ဆက်လက်ပြီး မဆုတ်မနစ် ကြိုးပမ်းသွားမယ်လို့ သံန္နိဋ္ဌာန် ချထားသူတွေ၊ တရားမျှတမှုကို မြန်မာနိုင်ငံမှာ တည်ထွန်းစေလိုတဲ့ နှလုံးသား ပိုင်ရှင်တွေ၊ တစုတစည်း တညီတညွတ်တည်း ခိုင်ခိုင်မာမာ ဆက်လက်ပြီးတော့ နိုင်ငံရေး အင်အားထုကြီး အဖြစ်နဲ့ ဆက်လက် ရပ်တည်သွားမယ်ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့ ခိုင်ခိုင်မာမာ ဆက်ရှိနေပြီ ဖြစ်တယ်။ အဲဒီ အင်အားထုကြီးကနေပြီးတော့ နိုဝင်ဘာ ၇ ရက် ရွေးကောက်ပွဲကို သပိတ်မှောက်မယ်လို့လည်း အဖွဲ့ချုပ် ဗဟိုက ဆုံးဖြတ်ထားပြီး ဖြစ်တယ်။ အဲဒီ ဆုံးဖြတ်ချက်တွေကို အဖွဲ့ဝင်ထုကတဆင့် မဲဆန္ဒရှင် ပြည်သူလူထုကို ဆင့်ကဲဆင့်ကဲ ဆက်လက်ရှင်းပြကြရမယ်။,
ပါတီဝင်ထုကတဆင့် ပြည်သူကို ထပ်ဆင့် ရှင်းပြဖို့ လိုကြောင်း ဦးအုန်းကြိုင်က ပြောခဲ့ပါတယ်၊ ဦးကြည်ဝင်းကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လမ်းညွှန်ချက် ၉ ချက်ကို ရှင်းခဲ့သလို၊ ဦးခင်မောင်ရှိန်က NLD ပါတီနဲ့ ပတ်သက်ပြီး ရှင်းပြခဲ့ပါတယ်။ လူငယ်ကိုမြင့်ဌေးက ရွေးကောက်ပွဲ သပိတ်အစီအစဉ်တွေကို ရှင်းလင်းခဲ့တာပါ။
NLD စည်းရုံးရေးအဖွဲဟာ တောင်ကြီးမြို့ကတဆင့် ကယားပြည်နယ်ဘက်ကို ခရီးဆက်ဖို့ ရှိတယ်လို့ သိရပါတယ်။ အခုခရီးစဉ်ဟာ ဒုတိယအကြိမ်မြောက်ရှမ်းပြည်ခရီးစဉ်ခရီးစဉ်ဖြစ်တယ်လို့ သိရပါတယ်၊
တဆက်တည်းပဲ မနေ့က ဗဟိုတရားရုံးချုပ်ကို တင်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်က စစ်အစိုးရကို NLD ပါတီကိုယ်စား တရားစွဲတာကို ဒီကနေ့ ညနေပိုင်းက တရားရုံးက မှတ်ပုံတင်ပေးပြီး လက်ခံလိုက်ပြီလို့ သိရပါတယ်။
သတင်း ..RFA