ဒီမိုကရေစီပန်းတိုင် အမြန်ရောက်ရှိနိုင်ပါစေ။

Wednesday, October 27, 2010

နှစ် ၆၀ ပျောက်ဆုံးမှုကို အဖြေရှာခြင်း(ဦးဝင်းတင်နှင့် ဆက်သွယ်မေးမြန်းချက်)

(ဦးဝင်းတင်နှင့် ဆက်သွယ်မေးမြန်းချက်)


နှစ် ၆၀ ခန့်ကြာ ပျောက်ဆုံးခဲ့သော တိုင်းရင်းသားလူမျိုးများ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို ပြန်ရှာရန်အတွက် ဒုတိယအကြိမ် ပင်လုံညီလာခံတရပ် ခေါ်ယူကျင်းပရေးကို သဘောတူကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် - အန်အယ်ဒီ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးဝင်းတင်က ယနေ့ ပြောဆိုသည်။

ဒုတိယအကြိမ် ပင်လုံညီလာခံ ကျင်းပရမည်ဟု nld-not-re-register3ဇိုမီးအမျိုးသားကွန်ဂရက် - ဇက်အန်စီက စစ်ကိုင်းတိုင်း ကလေးမြို့၌ ယခုလ ၂၄ ရက်နေ့တွင် ပြုလုပ်သော ၂၂ နှစ်မြောက် အခမ်းအနား၌ ကြေညာစာတမ်းတစောင် ထုတ်ပြန်ခဲ့ရာ အန်အယ်ဒီ ခေါင်းဆောင်များ၊ တိုင်းရင်းသား ခေါင်းဆောင်များ၊ ဝါရင့်နိုင်ငံရေးသမားကြီးများက သဘောတူလက်မှတ် ရေးထိုးခဲ့သဖြင့် မဇ္ဈိမက ဦးဝင်းတင်ကို သဘောထား မေးမြန်းကြည့်စဉ် ထိုသို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။

၂၀၀၈ ဖွဲ့စည်းပုံနှင့် ၂၀၁၀ ရွေးကောက်ပွဲသည် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် တိုင်းရင်းသား ပြည်သူများ လိုလားသည့် တန်းတူအခွင့်အရေးကို အခြေခံသော ဖက်ဒရယ် ပြည်ထောင်စုစနစ် တည်ဆောက်ရန် မဖော်ဆောင်နိုင်သဖြင့် ဒုတိယ ပင်လုံညီလာခံ ကျင်းပရန် ဇက်အန်စီက ၎င်းကြေညာစာတမ်း ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

လက်ရှိအချိန်တွင် ယင်းအယူအဆ အဘယ်ကြောင့် ပေါ်လာရသနည်း၊ ၁၉၄၇ ခု ပင်လုံစာချုပ်အပေါ် မည်သို့ သက်ရောက်မည်နည်း၊ အန်အယ်ဒီ၏ ဖက်ဒရယ် ပြည်ထောင်စု အမြင်တို့ကို သိရှိနိုင်ရန် အန်အယ်ဒီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဝင်းတင်ကို မဇ္ဈိမက မေးမြန်းထားသည်။


ဒုတိယကြိမ် ပင်လုံညီလာခံခေါ်ဖို့ လိုတယ်ဆိုပြီး အန်အယ်ဒီက တိုင်းရင်းသားပါတီတွေနဲ့အတူ အကြံပြု လက်မှတ်ထိုးထားတာ တွေ့ရပါတယ်။ ဒီကိစ္စ ဘယ်လိုစဖြစ်လာတာလဲ ခင်ဗျာ။

“ဒီလိုဗျ။ အန်အယ်ဒီက လုပ်တာမဟုတ်ဘူးဗျ။ ဇိုမီးအမျိုးသားကွန်ဂရက်ကနေပြီးတော့ စပြီး လုပ်တာပဲ။ ဒါတွေအကုန်လုံး စုစည်းတာက တိုင်းရင်းသားခေါင်းဆောင်တွေကို ညှိတာလည်း သူတို့ပဲ။ ပြီးတော့မှ ကျနော်တို့ အန်အယ်ဒီရော၊ ဝါရင့်တို့ဘာတို့ဆိုတဲ့ နိုင်ငံရေးအဖွဲ့အစည်းတွေကလည်း ပါဝင်လက်မှတ်ထိုးကြတာ။ ဒီဟာရဲ့ အဓိက ဦးဆောင်ဦးရွက်ပြုတဲ့ ပုဂ္ဂိုလ်တွေ သို့မဟုတ်လည်း ဒါကို စပြီးတော့ စုစည်းတဲ့ ပုဂ္ဂိုလ်တွေဟာ တိုင်းရင်းသား ခေါင်းဆောင်တွေပဲ ဖြစ်ပါတယ် ’’

ဒုဥက္ကဋ္ဌ ဦးတင်ဦးရော၊ စီးအီးစီ ဦးဝင်းတင်ရော လက်မှတ်ထိုးတယ်ဆိုတော့ အန်အယ်ဒီ သဘောထားလို့လည်း ပြောလို့ရမလား။

“အန်အယ်ဒီကတော့ သဘောတူပါတယ်။ ကျန်တဲ့ စီအီးစီတွေလည်း အားလုံးလက်မှတ်ထိုးတယ်ခင်ဗျ။ ကျနော်တို့ ခေါင်းဆောင်တာ မဟုတ်ဘဲနဲ့ ကျနော်တို့ ခေါင်းဆောင်တယ်လို့ ဝင်ပြီးတော့ နေရာယူသလိုဖြစ်မှာ စိုးလို့။ ခေါင်းဆောင်မှုကို စုစည်းတာ၊ ညှိနှိုင်းတာတွေရော၊ ရေးသားဖော်ပြချက်တွေရော အကုန်လုံးက တိုင်းရင်းသား ခေါင်းဆောင်တွေက လုပ်ကြတာ။ ကျနော်တို့ကို လာပြီးတော့ ပါဝင်ဖို့လုပ်တယ်။ ကျနော်တို့က ပါတယ်။ ပါတာမှ အကုန်လုံး ပါပါတယ်။ ဒေါ်အောင်ဆန်းစုကြည်လည်း သိပါလိမ့်မယ်ခင်ဗျ။ သို့သော် ဒီကိစ္စအချိန်မှာ ကျနော်တို့ကတော့ အဆက်သွယ်မရဘူးဗျဲာ’’

ဒေါ်အောင်ဆန်းစုကြည်က မသိသေးဘူးဆိုတော့ သိပြီဆိုရင်ရော လက်ခံမယ်လို့ ယူဆလား။

“တူမယ်၊ တူမယ်။ ကျနော် ယူဆတယ်။ ဒီ ဒုတိယပင်လုံညီလာခံဆိုတဲ့ စကားလုံးကိုက သူပြောခဲ့တဲ့ စကားလုံးပါပဲ။ အဲဒီတော့ ဘာမှ အထစ်အငေါ့ ရှိမှာ မဟုတ်ဘူး။ နောက်တချက်က ပါတီမှတ်ပုံတင်ခြင်း၊ မတင်ခြင်း ကိစ္စမှာလည်း ဦးဥာဏ်ဝင်းကတဆင့် ပြောလိုက်တဲ့ အယူအဆတွေမှာလည်း တွေ့ပါလိမ့်မယ်။ သူ့ရဲ့သဘောထားကို သူပြောပြတယ်၊ သို့သော် ပါတီရဲ့ အဆုံးအဖြတ်ကို သူလိုက်နာပါ့မယ်ဆိုတာ အမြဲတမ်း ပြောလေ့ပြောထရှိတယ်’’

ကျနော်တို့ရလိုက်တဲ့ ကြေညာစာတမ်းမှာ လက်မှတ်ထိုးတဲ့ ခေါင်းဆောင်တွေထဲမှာ ပါသင့်ပါထိုက်သူ အားလုံး မပါဝင်တာကို တွေ့ရပါတယ်။ အဲဒီကိစ္စလေး ရှင်းပြပေးပါခင်ဗျာ။

“တိုင်းရင်းသားတွေကလည်း ဒီကိစ္စလုပ်ရတယ်ဆိုတာ တော်တော်လေးကို သိုသိုသိပ်သိပ် လုပ်ရတဲ့ပုံ ပေါ်တယ်ဗျ။ ကျနော်တို့ဆီကို စာချောတွေပေါ့ဗျာ၊ လက်မှတ်ထိုးဖို့အတွက် ရောက်မလာခင်မှာ သူတို့ဘာသာသူတို့ သိုသိုသိပ်သိပ် ညှိနှိုင်းပြီးတော့ လုပ်ကြတဲ့အခါကျတော့ ကျနော်တို့ ဒီဟာကို ၂၀ ရက်နေ့ကျော်လောက်ကျမှ ဒီအသံတွေ စပြီး ကြားလာသိလာတယ်ပေါ့။ ဆိုတော့ ကျနော်တို့က (ကလေးမြို့ကို) သွားဖို့လာဖို့ လေယာဉ်ပျံတို့ဘာတို့ လက်မှတ်တွေဘာတွေ မရဖြစ်ပြီးတော့ မရောက်တော့ဘူး။ ကျနော်တို့ ရန်ကုန်မှာပဲ လက်မှတ်ထိုးကြရတယ်။ အလားတူပဲ ရန်ကုန်က တိုင်းရင်းသား ခေါင်းဆောင်တွေဖြစ်တဲ့ နိုင်ငွေသိန်းတို့၊ နိုင်ထွန်းသိန်းတို့၊ ဦးအေးသာအောင်တို့ ဘာတို့ဆိုရင် မသွားနိုင်ကြဘူးဗျ’’

လက်မှတ်ထိုးတဲ့ထဲမှာ ဦးအေးသာအောင်ကို မတွေ့ပါဘူး။ စီအာပီပီ (လွှတ်တော်ကိုယ်စားပြု ကော်မတီ) အနေအထားကရော ဘယ်လိုရှိပါလဲ။

“ပါမှာပါ။ ဘာလို့လဲဆိုတော့ အဲဒါတွေလုပ်တဲ့အချိန်မှာ ဦးအေးသာအောင်ဆိုရင် အန်အယ်ဒီနဲ့ ကချင်ကို ပါသွားတာ။ စီအာပီပီ တခုလုံး ပါမှာပါ။ စီအာပီပီ ထဲမှာ ပါတဲ့ ဦးသိန်းဖေဆိုပါတော့ ကျနော်တို့ အခုထိ မပြောနိုင်သေးဘူး။ ဒါပေမဲ့ ပါမယ်လို့ ယူဆပါတယ်။ သူက အဲဒီအချိန်မှာ အန်အယ်ဒီ ချင်းတောင်အဖွဲ့နဲ့ လိုက်သွားတယ်ဗျာ။ အပြန်မှာ သူက ကလေးမှာ ဝင်နားပြီးတော့ ဒီအခမ်းအနားကို တက်မှာဗျ။ အဲဒီလိုပေါ့ဗျ။ တချို့ဟာတွေက အစည်းအဝေး တက်ပြီးတော့ ဆွေးနွေးကြတယ်၊ ညှိနှိုင်းကြတယ်ဆိုတဲ့ သဘောမျိုး မဟုတ်ဘူးလေ’’

ဒုတိယပင်လုံညီလာခံ လုပ်ကြရမယ်ဆိုတော့ ၄၇ ခုနှစ်က ဗိုလ်ချုပ်အောင်ဆန်းတို့ရဲ့ ဆောင်ရွက်ချက်အပေါ် ထိခိုက်သွားနိုင်မလားခင်ဗျာ။

“မဖြစ်ပါဘူး။ ဒီပင်လုံညီလာခံရဲ့ အနှစ်သာရက တိုင်းပြည်ထူထောင်မယ်ဆိုတော့ အင်္ဂလိပ်က တိုင်းတွေ၊ ပြည်နယ်တွေ၊ တောင်ပေါ်သားတွေဆိုပြီး ခွဲထားခဲ့ချင်တယ်။ တချို့ကလည်း ဗမာနဲ့အတူ လွတ်လပ်ရေး တွဲလိုချင်တယ်။ တချို့က ဗမာနဲ့တွဲ လွတ်လပ်ရေး မလိုချင်ဘူးပေါ့။ ဗမာဘက်ကတော့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ စေတနာစကားအရဆိုရင် တို့တော့ လွတ်လပ်ရေးရပြီ၊ ခင်ဗျားတို့ လွတ်လပ်ရေး ကျုပ်တို့နဲ့အတူ ပါမယ်ဆိုရင် ကျုပ်တို့ တတွဲထဲ တွဲခေါ်မယ်ဆိုတဲ့ ပုံစံမျိုး ချဉ်းကပ်တာကိုး။ နောက်ဆုံးပိတ်ကျတော့ တိုင်းရင်းသားတွေကလည်း ဗမာနဲ့အတူ လက်မှတ်ထိုးခဲ့ကြတယ်။ အခြေခံက စစ်မှန်တဲ့ ပြည်ထောင်စုပေါ့ဗျာ။ တိုင်းရင်းသားတွေရဲ့ တန်းတူညီမျှမှု၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို သဘောတူတယ်’’

“အခု နှစ်ပေါင်း ၆၀ လောက် မဆလခေတ်တို့၊ စစ်အာဏာရှင်စနစ်တို့ကို ကျော်ဖြတ်လာတဲ့အခါကျတော့ တဖြည်းဖြည်းနဲ့ စစ်မှန်သော ပြည်ထောင်စုဆိုတဲ့ သဘောထားတွေ ပျောက်တယ်။ တိုင်းရင်းသားတွေရဲ့ တန်းတူမှု၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ဆိုတာလည်း ပျောက်ဆုံးလာတယ်။ အမျိုးသားညီလာခံဆိုတာ ပေါ်လာတဲ့အခါကျတော့ တိုင်းရင်းသားတွေက တို့များ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့၊ တန်းတူမှုတို့၊ စစ်မှန်တဲ့ ပြည်ထောင်စုတို့ ရနိုင်မလားဆိုပြီး အပစ်ခတ်ရပ်စဲကြတယ်။ ၁၉၉၃ မှစတဲ့ ညောင်နှစ်ပင် ညီလာခံ တက်ခဲ့တယ်။ သို့သော် ဘာမှ ပြောခွင့်ဆိုခွင့် မရဘူး။ ပြည်ထောင်စုနဲ့ ပတ်သက်လို့၊ တိုင်းရင်းသား အခွင့်အရေးနဲ့ ပတ်သက်လို့ တင်ပြသမျှတွေဟာ ဘာတခုမှ အရာမထင်ခဲ့ဘူး’’

“အခုနောက်ပိုင်း နယ်ခြားစောင့်တပ် ဆိုတာမျိုးတွေ ပေါ်လာတဲ့အခါကျတော့ ပြည်တွင်းစစ်မီး တောက်မယ့် အနေအထားတွေကလည်း ပေါ်လာတယ်ပေါ့ဗျာ။ မြောက်ပိုင်းဆို သေနတ်သံတွေတောင် ပေါ်ခဲ့ပြီပဲ။ နယ်ခြားစောင့်တပ် မအောင်မြင်ဘူးဆိုတာ ဒီကေဘီအေက နယ်ခြားစောင့်တပ်ကို လက်ခံသူက လက်ခံ၊ လက်မခံသူက လက်မခံဘူး။ ကေအန်ယူကတော့ နဂိုကတည်းက လုံးဝ မပါဘူး။ ဆိုတော့ ဘာပဲပြောပြော ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ အကျပ်အတည်းပဲ’’

“စစ်အစိုးရကလည်း ဒီ ဖွဲ့စည်းပုံ အခြေခံဥပဒေ အတည်ဖြစ်သွားရင် လက်နက်ကိုင် တပ်မှန်သမျှဟာ တပ်ချုပ်အောက်မှာ ရှိရမယ်ဆိုတဲ့ အယူအဆအတိုင်းဆိုရင် ရွေးကောက်ပွဲအပြီး ကာလဆိုရင် အခြေခံ ဥပဒေ အတည်မဖြစ်ခင်သော်လည်းကောင်း၊ ဖြစ်ပြီးရင်သော်လည်းကောင်း ဒါကို အကောင်အထည်ဖော်ရတော့မယ်။ မပေါ်ဘဲနဲ့ ဆိုလို့ရှိရင် နယ်စပ်တွေမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ရှိနေတယ်ဆိုရင် စစ်ပြန်တိုက်ရုံပဲ ရှိတော့မှာပေါ့’’

“အဲဒီအခြေအနေမှာ ကျနော်တို့က ဗိုလ်ချုပ်တို့လုပ်ခဲ့တဲ့ ပင်လုံစိတ်ဓာတ်နဲ့ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းမယ်။ တိုင်းရင်းသားတွေရဲ့ နိုင်ငံရေးမျှော်မှန်းချက်များဖြစ်တဲ့ ပြည်ထောင်စု စစ်စစ်ကို တည်ဆောက်ကြမယ်။ တန်းတူညီမျှမှုကို အသိအမှတ်ပြုမယ်ဆိုတဲ့ ဒါက ပြန်ပြီးတော့ ကြွလာတယ်။ ဒါဟာ နိုင်ငံရေးလုပ်ကြံမှုလည်း မဟုတ်ဘူး။ ဒီ ဖွဲ့စည်းပုံ အခြေခံဥပဒေသာ ပေါ်လာရင် ၁၉၄၇ ခုနှစ်ကတည်းက ဗိုလ်ချုပ်အောင်ဆန်းတို့ ထားခဲ့တဲ့ သို့မဟုတ်လည်း ပင်လုံမှာ ကိန်းအောင်းနေတဲ့ နိုင်ငံရေး ဝိညာဉ်တွေဟာ အကုန်လုံး ပပျောက်သွားမယ့် အနေအထား ဖြစ်တယ်။ ဒါကြောင့် ဒီကိစ္စဟာ အခု ပေါ်လာတာ။ ဒီအချိန်မှာ တိုက်တိုက်ဆိုင်ဆိုင်ပေါ်တာ မဟုတ်ဘူးလို့ ပြောမယ်’’

နအဖရဲ့ နယ်ခြားစောင့်တပ်အစီအစဉ်အပေါ်မှာရော အန်အယ်ဒီက ဘယ်လိုမူဝါဒရှိပါလဲ။

“ဒီတိုင်းရင်းသားတပ်တွေဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ ကျော်၊ ၃၀၊ ၄၀၊ ၅၀၊ ၆၀ ပေါ့ဗျာ။ သူတို့ရဲ့ တော်လှန်ရေးတွေပဲခေါ်ခေါ်၊ ရုန်းကန်မှုတွေပဲခေါ်ခေါ်၊ အကုန်လုံးဟာ နိုင်ငံရေးအခြေခံနဲ့ပဲ။ စစ်တပ်ထဲဝင်ဖို့သော်လည်းကောင်း၊ လက်နက်ချပြီးတော့ နယ်ခြားစောင့်တပ်လုပ်ဖို့၊ ပြည်သူ့စစ်လုပ်ဖို့၊ ရဲတို့ဘာတို့ လုပ်ဖို့လို့ ပြောလို့မရဘူး။ တိုင်းရင်းသားအခွင့်အရေး နိုင်ငံရေး ရည်မှန်းချက်တွေနဲ့ စခဲ့တာ။ ဘိန်းစစ်သားတွေ ဖြစ်သွားတာလည်း ရှိတာပေါ့ဗျာ။ လက်နက်ချသွားတာလည်း ရှိတာပေါ့ဗျာ။ ဒါပေမဲ့ နိုင်ငံရေးရည်မှန်းချက်နဲ့ စတာဖြစ်တယ်။ အဲဒါကြောင့် နအဖရဲ့ နောက်ဆုံး ကမ်းလှမ်းချက်ဖြစ်တဲ့ နယ်ခြားစောင့်တပ်ဆိုတာ ဘယ်လိုမှ လက်ခံနိုင်စရာ မဟုတ်ဘူးလို့ ယူဆတယ်။ နယ်ခြားစောင့်တပ်နည်းနဲ့ တိုင်းရင်းသားပြဿနာ၊ နယ်ခြားပြဿနာတွေကို ဖြေရှင်းတာထက် နိုင်ငံရေးနည်းဖြင့်သာ ဖြေရှင်းဖို့ကောင်းတယ်လို့ အန်အယ်ဒီက သဘောထားရှိပါတယ်’’

နယ်စပ်တွေက ဗမာ တိုင်းရင်းသားမဟုတ်တဲ့ တခြားတိုင်းရင်းသားတွေရဲ့ ဒေသတွေဆိုတော့ ဖက်ဒရယ် ပြည်ထောင်စုရဲ့ နယ်စပ်လုံခြုံရေးဆိုင်ရာ အန်အယ်ဒီရဲ့ မူဝါဒကရော ဘယ်လိုရှိပါသလဲ။

“အဲဒီလောက်အထိတော့ ကျနော်တို့က စောစောစီးစီး ကြိုပြောဖို့တော့ ခက်တယ်။ ကျနော်တို့က အာဏာရ အဖွဲ့အစည်းလည်း မဟုတ်ဘူး။ အာဏာနဲ့လည်း အများကြီး ကင်းဝေးနေတဲ့ အဖွဲ့အစည်း ဖြစ်နေတယ်။ ဒါပေမယ်လို့ ကျနော်တို့ဟာ ဒီဖက်ဒရယ်မူဆိုတာကို ယုံကြည်လို့ အကောင်အထည် ဖော်ပြီဆိုရင် ဖက်ဒရယ်မူဟာ ခွဲထွက်ခြင်းနဲ့ လုံးဝ ဆန့်ကျင်တယ်။ စစ်မှန်သော ပြည်ထောင်စုလို့ ဆိုခြင်းအားဖြင့် ဒီပြည်ထောင်စု လုံခြုံရေးအတွက်ကို ပါဝင်ဖို့ဆိုတာ တိုင်းရင်းသားတွေကြားထဲကနေ အလိုလိုပေါ်လာမယ်လို့ ကျနော်တို့က ယုံကြည်တယ်’’

အပစ်ရပ်ထားတဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို)၊ မွန်ပြည်သစ်၊ ဝ’ လို အဖွဲ့တွေလည်း ရှိသလို၊ အပစ်မရပ်ထားတဲ့ ကရင် (ကေအန်ယူ)၊ ကရင်နီ (ကေအန်ပီပီ)၊ တခြား တိုင်းရင်းသား အဖွဲ့တွေ ရှိတယ်။ သူတို့တွေအတွက်ရော ဘယ်လို အခန်းကဏ္ဍ ရှိမယ်လို့ ယူဆထားလဲ။

“ဒီဟာတွေကလည်း တနေ့သောအခါမှာ ပါလာမှာပဲလို့ ကျနော်တို့ ယူဆတယ်။ ကျန်တာလည်း ကျန်နေမှာပဲ။ တချို့သော အဖွဲ့အစည်းများဟာ နိုင်ငံရေးဆိုတာထက် သူတို့ရဲ့ အဖွဲ့အစည်း ရပ်တည်မှု၊ စီးပွားရေးဘာညာ စသည်ဖြင့် လုပ်သွားတာ။ ခေတ်အဆက်ဆက် ရှိနေတာပဲ။ နိုင်ငံရေး ဦးဆောင်မှုကလည်း ပုံမှန်ပေးနေတယ်ဆိုရင် ဒါတွေဟာ ကင်းကွာစရာ သိပ်မရှိဘူးလို့ ယုံကြည်ပါတယ်’’

ဒုတိယပင်လုံညီလာခံမှာ လက်ရှိ ဗမာ့တပ်မတော်ပဲခေါ်ခေါ်၊ နအဖတပ်ပဲခေါ်ခေါ် အဲဒါရဲ့ အခန်းကဏ္ဍကျတော့ရော။

“တိုင်းရင်းသားတွေ၊ ဒီမိုကရေစီအင်အားစုတွေက သူတို့နဲ့ တိုက်ရိုက်တွေ့ဆုံဖို့ တောင်းဆိုနေတာ နှစ်ပေါင်း ၂၀ ကျော်။ ပါမှ မပါခဲ့တာ။ အခုလည်း မြန်မာပြည်ရဲ့ ဆွေးနွေးညှိနှိုင်းမှုမှာလည်း တပ်မတော်ပါလာဖို့ အခန်းကဏ္ဍကတော့ မရှိသေးဘူးလို့ ပြောရမှာပဲ’’

ဒုတိယပင်လုံညီလာခံ အယူအဆက အန်အယ်ဒီနဲ့ တိုင်းရင်းသားတွေ တောင်းဆိုနေတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေး၊ သုံးပွင့်ဆိုင်တွေ့ဆုံရေးတွေအပေါ် ရှုတ်ထွေးမှု မဖြစ်နိုင်ဘူးလား။

“မဖြစ်နိုင်ပါဘူး။ ဟိုကိစ္စတွေက သီးခြားကိစ္စပဲ။ ဆွေးနွေးချက်တွေက လုပ်နေရမှာပဲ။ ဥပမာဆိုရင် အတိုက်အခံ ဒီမိုကရေစီအင်အားစုများနဲ့ တိုင်းရင်းသားအင်အားစုများဆိုတာ နှစ်ဖွဲ့ဖြစ်ပြီ။ အဲဒီမှာ တပ်မတော် မပါဝင်တဲ့အတွက် ကုလသမဂ္ဂတို့ဘာတို့က ပြောနေတဲ့ ၃ ပွင့်ဆိုင် မဖြစ်ဘူး။ ဒါပေမဲ့ အနည်းဆုံး ၂ ပွင့်ဆိုင်တော့ ဖြစ်တယ်။ နောက်တခုကလည်း ပြည်ထောင်စု စစ်စစ်ပုံစံကို လက်ခံတယ်ဆိုကတည်းက ဒီ သူတို့ရဲ့ အခြေခံဥပဒေနဲ့တော့ မတူဘူးပေါ့။ သူတို့ကတော့ ပြည်ထောင်စု စစ်စစ်ဆိုတာနဲ့ အတော်ကင်းကွာပြီးတော့ စစ်ပြည်ထောင်စုစနစ် ပုံစံမျိုးနဲ့ ဖွဲ့စည်းထားတာဆိုတော့။ ဒီ ဖွဲ့စည်းပုံ အခြေခံဥပဒေလည်း ပြဿနာနည်းနည်း ရှိမှာပေါ့။ သို့သော် ဒါတွေက ညှိနှိုင်းသွားရမှာပေါ့’’

ဒုတိယ ပင်လုံညီလာခံက ရွေးကောက်ပွဲ မတိုင်ခင်ဖြစ်မှာလား။ ရွေးကောက်ပွဲပြီးမှ ဖြစ်မှာလား။

“အချိန်ကတော့ အလွန်ကို ကပ်နေပြီ။ ညီလာခံတခု ကျင်းပတယ်ဆိုတာက လာဟေ့ .. လာထိုင်ကြမယ်ဆိုပြီးတော့ လက်ဖက်ရည်ဆိုင် ထိုင်သလိုမျိုး မဟုတ်တဲ့အခါကျတော့။ အားလုံး ကြိုတင်ပြီးတော့ ညှိရမယ်။ ကျနော်ထင်တယ် ဒီလောက် မြန်မြန်ဆန်ဆန်ကြီးတော့ မဖြစ်ဘူးပေါ့ဗျာ။ သို့သော် ကျနော်တို့ကတော့ တတ်နိုင်သမျှ မြန်မြန် ရုပ်လုံးပေါ်အောင်တော့ ကြံရွယ်ချက်ရှိတယ်’’

နအဖကတော့ ရွေးကောက်ပွဲကို ဖြစ်တဲ့နည်းနဲ့ လုပ်မယ့်သဘော မြင်ရပါတယ်။ တချို့ ပါတီတွေကလည်း ရွေးကောက်ပွဲကို သပိတ်မှောက်တာ မကြိုက်တာ ရှိနေတယ်။ နောက်ပေါ်လာမယ့် အစိုးရတရပ်နဲ့ရော ဒီအယူအဆက ထိပ်တိုက် မတွေ့နိုင်ဘူးလား။

“ဒါလည်း မဖြစ်ပါဘူးဗျာ။ အစိုးရတွေဆိုတာက တိုင်းပြည်မှာ ပေါ်ပေါက်နေတဲ့ ပြဿနာတွေကို မိမိတို့နဲ့ သဘောတူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ ညှိနှိုင်းဖြေရှင်းရမယ့် ဝတ္တရား ရှိပါတယ်ဗျာ။ စစ်အားဖြင့် ဖြေရှင်းမယ်ဆိုရင်တော့ ဒါက မမှန်ဘူးလို့ ကျနော်က ယူဆတာကိုး။ နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့ နည်းလမ်းရှာရမယ်။ သေနတ်နဲ့ပစ်မယ်၊ ထောင်ထဲဆွဲသွင်းမယ်ဆိုရင် မမှန်ဘူး။ နောက် အစိုးရတက်လာရင် နောက်အစိုးရနဲ့ ကျနော်တို့နဲ့ ညှိနှိုင်းဆွေးနွေးခြင်းဆိုတာ ရှိမှာပဲ’’

ရင်းမြစ်....(မဇ္ဈိမ)