ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေ ဦးဉာဏ်ဝင်း အောက်တိုဘာ ၅ ရက်နေ့က ဗဟိုတရားရုံးချုပ် အပြင်တွင် သတင်းသမားများနှင့် တွေ့ဆုံရှင်းလင်း ပြောကြားနေပုံ ဖြစ်ပါသည်။ NLD ပါတီကို စစ်အစိုးရက ဖျက်သိမ်းကြောင်း ကြေညာသဖြင့် စစ်အစိုးရအား NLD အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်က တရားစွဲဆိုခြင်း ဖြစ်သည်။ (Photo: AFP)
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ ကို စစ်အစိုးရက ပယ်ဖျက်လိုက်တာနဲ့ ပတ်သက်ပြီး၊ ပါတီအထွေထွေ အတွင်းရေးမှူးအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်က အောက်တိုဘာ ၅ ရက် ဒီကနေ့ ဗဟိုတရားရုံးမှာ အမှုတင်ပြပြီး တရားစွဲဆိုလိုက်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ နေအိမ် အကျယ်ချုပ် ကျခံနေရတဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုယ်စား ရှေ့နေ ဦးဉာဏ်ဝင်းက ဗဟိုတရားရုံးမှာ ဒီကနေ့ မနက်ပိုင်းက တင်ပြခဲ့တာဖြစ်ပါတယ်။
NLD ပါတီကို ရွေးကောက်ပွဲ ဥပဒေအသစ်အရ မှတ်ပုံပြန်မတင်တဲ့ အတွက် စစ်အစိုးရ ရွေးကောက်ပွဲ ကော်မရှင်သစ်က စက်တင်ဘာလ ၁၅ ရက်နေ့က ဖျက်သိမ်းကြောင်း ကြေညာခဲ့ပါတယ်။ စစ်အစိုးရရဲ့ ဒီဆောင်ရွက်မှုအပေါ်မှာ ပြန်လည် တရားစွဲဆိုတာ ဖြစ်တယ်လို့ ဦးဉာဏ်ဝင်းက ပြောပါတယ်။

“ဥပဒေအဟောင်းအရ ရရှိ ခံစားထိုက်တဲ့ အခွင့်အရေး ဖြစ်တယ်။ ဒီလို ပယ်ဖျက်လို့ မရဘူး။ နောက်တခုက အခု ပြဋ္ဌာန်းတဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေမှာ ပြဋ္ဌာန်းချက်တွေဟာ နောက်ကြောင်းပြန် အကျိုးသက်ရောက်စေရမယ်လို့ ကျွန်တော်တို့ ဒီလို မပါဘူး။ မပါတဲ့အတွက်လည်း ကျွန်တော်တို့အပေါ်မှာ အကျိုးသက်ရောက်မှု မရှိဘူး။ အဲဒီ ဥပဒေ အချက်အလက်တွေပေါ်မှာ အခြေပြုပြီးတော့ ကျွန်တော်တို့ ပါတီအပေါ်မှာ အကျိုးသက်ရောက်မှု မရှိကြောင်း နအဖ၊ နဝတ အဆက်ဆက် ဝန်ခံ ကတိပြုထားတဲ့ ဥပဒေအရလည်း ပါတဲ့ ကျွန်တော်တို့ လွှတ်တော် ခေါ်ယူပေးဖို့ အဲဒါကို ကျွန်တော်တို့ ဒီနေ့ တရားစွဲတင်ပါတယ်။,
ပြီးခဲ့တဲ့ ဧပြီလတုန်းကလည်း NLDပါတီအနေနဲ့ အလားတူစစ်အစိုးရကို တရားစွဲဆိုခဲ့ပေမဲ့ လုပ်ထုံး လုပ်နည်းနဲ့ မညီဆိုတဲ့ အကြောင်းပြချက်နဲ့ ပယ်ချခံခဲ့ရပါတယ်။ ဦးဉာဏ်ဝင်းကတော့ တရားဥပဒေ စိုးမိုးရေးကို ရှေ့ရှုတယ်ဆိုရင်တော့ အခုတင်တဲ့ ကိစ္စဟာ အောင်မြင်နိုင်တယ်လို့RFA ကို ပြောဆိုပါတယ်။
ဒီကနေ့ ညနေပိုင်းမှာ ဗဟိုတရားရုံးချုပ်ကို ထပ်ပြီး သွားရောက်ခဲ့ပေမဲ့ အမှုကို မှတ်ပုံတင်ဌာနက မှတ်ပုံတင်ပေးခြင်း မရှိသေးဘူးလို့ သိရပါတယ်၊ မိနစ်၃၀ လောက် စောင့်နေပြီးတဲ့ အချိန်မှ နေ့လည်ပိုင်းကို ထပ်ပြီးလာဖို့ ချိန်းလိုက်တယ်လို့ သိရပါတယ်။
ဗဟိုတရားရုံးက ပြန်လာတဲ့ဦးဉာဏ်ဝင်းကို ဗန်ကောက်မြို့ရောက် RFA အဖွဲ့သား ဦးတင်အောင်ခိုင်က ဆက်သွယ် မေးမြန်းထားပါတယ်။
သတင်း..RFA