ဒီမိုကရေစီပန်းတိုင် အမြန်ရောက်ရှိနိုင်ပါစေ။

Thursday, August 5, 2010

ဗြိတိသျှ အစိုးရသစ်က NLD ပါတီကို ဆက်လက်ထောက်ခံ

ဗြိတိသျှသံအမတ်ကြီး မစ္စတာ အင်ဒရူးဟိန်းနဲ့ သူ့ရဲ့ အတွင်းဝန်တို့ဟာ NLD ပါတီခေါင်းဆောင်တွေနဲ့ သြဂုတ်လ ၄ ရက် ဒီကနေ့ မနက်ပိုင်းက NLD ဒု ဥက္ကဋ္ဌ ဦးတင်ဦးရဲ့ နေအိမ်မှာ တွေ့ဆုံခဲ့ကြောင်း သိရပါတယ်။ အဲဒီတွေ့ဆုံပွဲကို NLD ပါတီ ခေါင်းဆောင်တွေ ဖြစ်တဲ့ ဦးတင်ဦး၊ ဦးဝင်းတင်နဲ့ ဦးဥာဏ်ဝင်းတို့ တက်ရောက်ခဲ့ကြောင်း သိရပါတယ်၊

ဗြိတိန်နိုင်ငံ ကွန်ဆာဗေးတစ်ဗ် အစိုးရသစ်အနေနဲ့ NLD ပါတီကို ဆက်လက် ထောက်ခံ အားပေးသွားမှာ ဖြစ်သလို NLD ခေါင်းဆောင်တွေနဲ့လည်း အခွင့်အခါသင့်တိုင်း တွေ့ဆုံလိုကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှ သံအမတ်ကြီးက မေတ္တာရပ်ခံခဲ့တယ်လို့ NLD ပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက ပြောပါတယ် ။

“Ambassador မစ္စတာ အင်ဒရူး၊ သူနဲ့ သူ့ရဲ့ အတွင်းဝန် ရုသ်တို့ လာတယ် ၊ အဓိက လာပြောတာက လက်ရှိ ယူကေမှာ တက်တဲ့ ဝန်ကြီးချုပ် ကိုယ်တိုင်က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ဒီမိုကရေစီရေး လှုပ်ရှားမှုတွေကို အပြည့်အဝ ထောက်ခံကြောင်း သူ့ဆီကနေ မက်ဆေ့ခ်ျကို လာပြောတာ ။ နောက်တချက်က သူက စဉ်ဆက်မပြတ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လူကြီးများနဲ့ တွေ့ဆုံခွင့်လည်း သူက ခွင့်တောင်းတယ် ။ အလွန် နွေးထွေးတဲ့ တွေ့ဆုံမှုပါ ။”

ဒါ့အပြင် နိုင်ငံခြားသား ကမႝာလှည့် ခရီးသည်တွေ မြန်မာနိုင်ငံကို လာရောက်လည်ပတ်တဲ့ ကိစ္စနဲ့ ပတ်သက်လို့ ဗြိတိသျှ သံအမတ်ကြီး မစ္စတာ ဟိန်းက NLD ပါတီ ခေါင်းဆောင်တွေရဲ့ သဘောထားကို မေးမြန်းခဲ့ပြီး NLD ဖက်က ဘယ်လို ဖြေကြားခဲ့တယ်ဆိုတာကိုလည်း ဦးဥာဏ်ဝင်းက အခုလို ဆက်ပြောပါတယ်။

“Tourism နဲ့ ပတ်သက်ပြီးတော့ ဘယ်လို သဘောထားလဲလို့ မေးတယ် ။ Tourism နဲ့ ပတ်သက်ပြီးတော့ တိုးရစ်တွေ ဗမာပြည်လာတာကို ကျွန်တော်တို့ ဘာမှ ကန့်ကွက်စရာ မရှိဘူး ။ ဒီလို လာတဲ့အခါမှာ ဒီတိုင်းပြည်ရဲ့ လက်ရှိ အခြေအနေတွေကို သူတို့ ကိုယ်တိုင်ကိုယ်ကျ သိနိုင်တယ် ။ ဒီလို သိနိုင်တဲ့အတွက် international community ကလည်း သိနိုင်တယ် ။ ဒါကြောင့် ကျွန်တော်တို့က ဒီတိုးရစ်လာတာနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့က ဘယ်လိုမှ ကန့်ကွက်ဖို့ အကြောင်းလည်း မရှိဘူး ။ ကန့်လည်း မကန့်ကွက်ဖူးဆိုတာ ပြောပြလိုက်တယ် ။ သူတို့က ဒီ subject က နိုင်ငံတကာအတွက် အရေးကြီးတယ်လို့ ထင်လို့ မေးတဲ့အကြောင်း အဲဒီလို ပြောပြီးတော့ မေးတာပါ ။ ကျွန်တော်တို့ အဲဒီလို ရှင်းပြတော့ သူတို့ ဘာမှ ထပ်ပြီးတော့မပြောတော့ပါဘူး။”

NLD ပါတီခေါင်းဆောင်တွေကတော့ NLD ပါတီဟာ တရားဥပဒေကြောင်းအရ ဆက်လက် တည်ရှိနေပြီး ၊ ပြည်သူအများစုက အာဏာ အပ်နှင်းထားတဲ့ ပါတီဖြစ်တယ်လို့ ရှင်းပြခဲ့ကြောင်း ဦးဥာဏ်ဝင်းက RFA ကို ပြောပါတယ်။

ရင်းမြစ်..RFA