2010-06-21
ကရင်ပြည်နယ် လှိုင်းဘွဲ့နဲ့ ဖားအံမြို့ကို ခရီးလည့်လည်နေတဲ့ အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင် ဦးဝင်းတင်နဲ့ ဦးဟံသာမြင့်တို့ဟာ ကရင် ပြည်နယ် ပါတီဝင်တွေနဲ့ တွေ့ဆုံပြီး ပါတီရှေ့ဆက်သွားမဲ့ လမ်းစဉ်တွေနဲ့ပတ်သက်ပြီး ဇွန်လ ၂၁ ရက် ဒီကနေ့ ဆွေးနွေးနေပါတယ်။
ဖားအံမြို့ကို ရောက်ရှိနေတဲ့အချိန်မှာ ဘယ်လိုအကြောင်းကိစ္စတွေနဲ့ ကရင်ပြည်နယ်ဘက်ကို ခရီးထွက်လာသလဲလို့ မေးကြည့်တဲ့အခါမှာ ဦးဝင်းတင်က ခုလို ဖြေကြားပါတယ်။
“ကျနော်တို့ ပါတီစည်းရုံးရေး ဆင်းတာ မဟုတ်ဘူး၊ အခု နိုင်ငံရေး အခြေအနေသစ်မှာ ရှိနေတဲ့ အောက်ခြေ အဖွဲ့အစည်းတွေနဲ့ ပတ်သက်ပြီးတော့ စုစည်း ခိုင်မာမှုအတွက် ရည်ရွယ်ချက်နဲ့ ကျနော်တို့ ညွှန်ကြားခြင်း၊ ဒါက ၁၊ ၂ ကတော့ ကျနော်တို့ ပါတီ reorganization တို့၊ ပါတီပြန်လည်ဖွဲ့စည်းဖို့တို့ ပြောင်းလဲ ဖွဲ့စည်းဖို့တို့ ဘာညာ ဘာမှ မရှိဘူး၊ ကျနော်တို့လုပ်တာ ပါတီစုစည်းခိုင်မာမှု တခုတည်းပဲ၊ ကျနော်တို့ပါတီဟာ မှတ်ပုံမတင်ဖြစ်ဘူး၊ အဲ့ဒီတော့ ရွေးကောက်ပွဲကို မဝင်ဖြစ်ဘူးဆိုတာမှအပ ကျနော်တို့ပါတီဟာ ခါတိုင်း လုပ်မြဲအလုပ်တွေကို လုပ်နေတယ်၊ လုပ်မြဲနိုင်ငံရေး အလုပ်တွေကို လုပ်တယ်၊ လုပ်မြဲ လူမှုရေးအလုပ်တွေ လုပ်တယ်၊ ရဲဘော်တွေနဲ့ တွေ့ဆုံတယ်၊ ဆွေးနွေးမြဲပုံစံအတိုင်းပဲ ဆွေးနွေးနေကြတယ်၊ အဲ့ဒါကို အဓိက လာပြီး လုပ်ပါတယ်။”ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဟံသာမြင့်နဲ့ ဗဟန်း အန်အယ်လ်ဒီဥက္ကဋ္ဌ ဦးအောင်မြင့်တို့က လည်း ဦးဝင်းတင်နဲ့ အတူလိုက်ပါပြီး နယ်က အန်အယ်လ်ဒီပါတီဝင်တွေရဲ့ အခြေအနေနဲ့ ပါတီရှေ့ဆက် ဘယ်လို ရုန်းကန် လှုပ်ရှားသွားမဲ့အကြောင်းတွေ ဆွေးနွေးဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။
“အောက်ခြေမှာ ဆင်းပြီးတော့ အောက်ခြေက ပါတီဝင်ထုတွေနဲ့ တွေ့တယ်၊ သူတို့ရဲ့ အခက်အခဲတွေ။ သူတို့ရဲ့ သဘောထားတွေ သူတို့ရဲ့ မျှော်လင့်ချက်တွေ ရည်မှန်းချက်တွေ မေးတယ်၊ ကျနော်တို့ဖက်ကလည်း ပါတီရဲ့ အခုဖြစ်ပေါ်နေတဲ့ အခြေအနေသစ်တွေမှာ ပါတီရဲ့ လုပ်ငန်းတွေကို ပြောပြတယ်၊ ပါတီ ဆက်လုပ်သွားမဲ့ နိုင်ငံရေး သဘောထားတွေ ပြောပြတယ်၊ ဒါပဲ ဒီလောက်ပါပဲ၊ ရွေးကောက်ပွဲကို စကားထဲ ထည့်မပြောကြပါဘူး၊ ပါတီဘာဆက်လုပ်မယ်၊ ပါတီတွင်းမှာ ဘယ်လို ရှေ့ဆက်သွားမလဲ ဘယ်လို ရုန်းကန် လှုပ်ရှားသွားမလဲ ဆိုတာတွေနဲ့ ပတ်သက်ပြီးတော့ သဘောထားတွေ ပြောပြတာပေါ့ဗျာ၊ ဒါပါပဲ။”
ဒီ ၂၀၀၈ အခြေခံ ဥပဒေတည်းဟူသော စစ်ကျွန်ဘဝကို သက်ဆိုးရှည်စေမဲ့ ဒီအခြေခံ ဥပဒေ အတည်ပြုမဲ့ ရွေးကောက်ပွဲမျိုးကို ကျနော်တို့ မဝင်ဘူးလို့ ဆုံးဖြတ်တဲ့အတွက် ကျနော်တို့ရဲ့ နိုင်ငံရေး ဂုဏ်သိက္ခာ၊ နိုင်ငံရေး သန္နိဌာန်ကို ပြည်သူလူထုက နေပြီးတော့ ပိုပြီးတော့ ကျနော်တို့ကို ယုံကြည်လာတယ်၊ ကျနော်တို့ကို ထောက်ခံအားပေးမှုတွေ များလာတယ်ဆိုတာကို ရန်ကုန်မှာထက် နယ်တွေကတောင်မှ ပိုတောင် တွေ့ရတယ်။ဒီနှစ်နှစ်ဆန်းပိုင်းက ရန်ကုန်တိုင်း ပဲခူးတိုင်းနဲ့ မန္တလေးတိုင်းတွေကို လှည့်လှည်ပြီး အောက်ခြေပါတီဝင်တွေနဲ့ ဆွေးနွေးခဲ့သလို အခုကရင်ပြည်နယ်ခရီးစဉ်မှာလည်း နယ်မြေခံတွေရဲ့ နိုင်ငံရေး နိုးကြားမှုဟာ အတော်အားရစရာ ကောင်းတဲ့အကြောင်း ပြောပြပါတယ်။
“လွန်ခဲ့တဲ့ လေးငါးလက အခြေအနေနဲ့စာရင် အခု ပါတီထုရဲ့ နိုးကြားမှု တက့်ကမှုက စိတ်အားထက်သန်မှုက အလွန်ကောင်းတယ်လို့ ကျနော်ပြောနိုင်တယ်ဗျ၊ နယ်မှာရှိတဲ့ နိုင်ငံရေး အင်အားစုတွေက ပြတ်သားမှုကတော့ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ သဘောထားတွေက အတော်ကို ပြတ်ပြတ်သားသား ခိုင်ခိုင်မာမာ ရှိပါတယ်၊ ဒီ ၂၀၀၈ အခြေခံ ဥပဒေတည်းဟူသော စစ်ကျွန်ဘဝကို သက်ဆိုးရှည်စေမဲ့ ဒီအခြေခံ ဥပဒေ အတည်ပြုမဲ့ ရွေးကောက်ပွဲမျိုးကို ကျနော်တို့ မဝင်ဘူးလို့ ဆုံးဖြတ်တဲ့အတွက် ကျနော်တို့ရဲ့ နိုင်ငံရေး ဂုဏ်သိက္ခာ၊ နိုင်ငံရေး သန္နိဌာန်ကို ပြည်သူလူထုက နေပြီးတော့ ပိုပြီးတော့ ကျနော်တို့ကို ယုံကြည်လာတယ်၊ ကျနော်တို့ကို ထောက်ခံအားပေးမှုတွေ များလာတယ်ဆိုတာကို ရန်ကုန်မှာထက် နယ်တွေကတောင်မှ ပိုတောင်တွေ့ရတယ်။”
အောက်ခြေပြည်သူလူထုနဲ့ အန်အယ်လ်ဒီ ပါတီဝင်တွေကို အခုလိုကွင်းဆင်း ထိတွေ့ခွင့်ရတဲ့အတွက် ၂၀၁၀ ရွေးကောက်ပွဲကို ဝင်ပြိုင်ဖို့ အန်အယ်လ်ဒီပါတီ မှတ်ပုံမတင်တဲ့အတွက် ပေါ်ပေါက်လာမဲ့ အခြေအနေတွေကို အန်အယ်လ်ဒီက ဦးဆောင် လှုပ်ရှားမဲ့နောက်မှာ ပြည်သူလူထုတရပ်လုံး ရှိနေတဲ့အတွက် အားတက်မိတယ်လို့ ဦးဝင်းတင်က ပြောသွားပါတယ်။