တရုတ်ဝန်ကြီးချုပ်ဝမ်ကျားပေါင် မြန်မာနိုင်ငံကို ရောက်ရှိတဲ့အခါ နိုင်ငံရေးတည်ငြိမ်မှုရဖို့ ရွေးကောက်ပွဲကိစ္စ ပြောဆို ဆွေးနွေးမယ်ဆိုရင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ကြိုဆိုမယ်လို့ အဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက RFA ကို ဇွန်လ ၁ ရက် ဒီကနေ့ ပြောကြားလိုက်ပါတယ်။
“တရုတ်ကိစ္စကတော့ ရွေးကောက်ပွဲဆိုင်ရာ ပြောတယ်ဆိုရင်တော့ ကျွန်တော်တို့ဖက်က ပြောချင်တာတော့ ကျွန်တော်တို့ ကြိုဆိုပါတယ်ဗျ။ ဘာဖြစ်လို့လဲဆိုတော့ အရင်တခေါက် တရုတ်က ကွန်မြူနစ်ပါတီ ဒု ဥက္ကဋ္ဌလား ဘာလား သူတခေါက်လာတုန်းက မြန်မာနိုင်ငံ နိုင်ငံရေး stability သူက ပြောတာ။ Stability ဆိုတာ ကျွန်တော်တို့ နိုင်ငံရေးအရ stability ရှိမှ၊ နိုင်ငံရေးအရ တည်ငြိမ်မှပဲ အားလုံးအတွက် အကျိုးရှိတယ်လို့ ကျွန်တော်တို့ မြင်တယ်လေ။ ဒါကြောင့် ရွေးကောက်ပွဲကိစ္စ ပြောတယ်ဆိုရင်လည်း ကျွန်တော်တို့အနေနဲ့တော့ ကြိုဆိုတယ်လို့ပဲ ပြောချင်ပါတယ်။”
အင်္ဂါနေ့မှာ မြန်မာနိုင်ငံကို ရောက်ရှိလာမဲ့ တရုတ်ဝန်ကြီးချုပ်ရဲ့ ခရီးစဉ်မှာ မြန်မာစစ်အစိုးရနဲ့ ရွေးကောက်ပွဲကိစ္စ၊ ကုန်သွယ်ရေးနဲ့ လုံခြုံရေးကိစ္စတွေ ဆွေးနွေးဖို့ တရုတ်အစိုးရဖက်က ကမ်းလှမ်းထားတယ်လို့ သတင်းရရှိပါတယ်။ ဒါ့အပြင် ရေနံနဲ့ သဘာဝဓာတ်ငွေ့ကိစ္စတွေ လက်မှတ်ရေးထိုးဖို့ ရှိတယ်လို့လည်း တရုတ်-မြန်မာနှစ်နိုင်ငံစလုံးက ပြောဆိုတယ်လို့ ရိုက်တာ သတင်းတရပ်မှာ ဖော်ပြထားပါတယ်။
ဒီတပတ်ထုတ် ဘေဂျင်းရီဗျူး ဂျာနယ်ပါ ဆောင်းပါးတစောင်မှာလည်း တရုတ်ဝန်ကြီးချုပ်ရဲ့ ဒီခရီးစဉ်ဟာ သမိုင်းဝင်ခရီးတခု၊ နိုင်ငံရေးအရ ယုံကြည်မှု တိုးမြှင့်တဲ့ နောက်ထပ် ဆောင်ရွက်ချက် တခုဖြစ်မဲ့အပြင်၊ နှစ်နိုင်ငံ ကုန်သွယ်စီးပွားရေးနဲ့ ချစ်ကြည်ရေး ပိုပြီး နက်ရှိုင်းအောင် ဆောင်ရွက်ချက်လည်း ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Ye Dabo ကို ကိုးကားပြီး ရေးသားလိုက်ပါတယ်။
မြန်မာစစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို အကျဉ်းချထားတဲ့လုပ်ရပ်နဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအပေါ် အနောက်နိုင်ငံတွေရဲ့ ပြစ်တင်ရှုတ်ချမှုတွေကို တရုတ်သံတမန်တွေက အမြဲတမ်း အကာအကွယ် ပေးနေတယ်လို့ နိုင်ငံတကာ အသိုင်းအဝိုင်းကြားမှာ ပြောဆိုနေကြပါတယ်။ လေ့လာ သုံးသပ်သူတချို့ကလည်း ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရင်းနှီးမှု ဆိုတဲ့ခေါင်းစဉ်အောက်မှာ တရုတ်နဲ့ မြန်မာစစ်အစိုးရတို့ ဆောင်ရွက်နေကြတဲ့ တချို့ စိုးရိမ်စရာကိစ္စတွေကို အခုခရီးစဉ်နဲ့ ပတ်သက်ပြီး ဖော်ထုတ်ပြောဆိုဖို့ လိုအပ်လာပြီလို့ ဆိုပါတယ်။
တရုတ်-မြန်မာ သံတမန်ဆက်ဆံရေး နှစ် ၆၀ ပြည့် အထိမ်းအမှတ်အဖြစ် မြန်မာစစ်အစိုးရက ကျပ်ငွေ တရာတန် တံဆိပ်ခေါင်းတခု ရိုက်နှိပ်ပြီး လာမဲ့ ဇွန်လ ၈ ရက်နေ့မှာ စတင် ထုတ်ဝေမယ်လို့ သိရပါတယ်။
ဒီအတောအတွင်းမှာပဲ အမေရိကန် လွှတ်တော်အမတ် မစ္စတာ ဂျင်ဝက်ဘ်လည်း မြန်မာနိုင်ငံကို ထပ်မံ လာရောက်ဦးမှာ ဖြစ်ပြီး ဇွန်လ ၅ ရက်နေ့မှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဖို့ ရှိတယ်လို့ အဖွဲ့ချုပ်ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက RFA ကို ပြောပါတယ်။
“ဂျင်ဝက်ဘ်ကတော့ ကျွန်တော်တို့ CEC အဖွဲ့နဲ့ တွေ့ဖို့ ကျွန်တော်တို့ ၅ ရက်နေ့ကို သူတို့ ဒီနေ့ ဆက်သွယ်ပြီးတော့ ချိန်းပါတယ်။ စနေနေ့ကျမှာပေါ့။ သံရုံးက ကျွန်တော်တို့ဆီ တရားဝင်ပြောတာပါ။ ”
မစ္စတာ ဂျင်ဝက်ဘ်လာတဲ့အခါ ဘာကိစ္စတွေ ဆွေးနွေးပြောဆိုမယ် ဆိုတာကိုတော့ တွေ့ဆုံပြီးမှ သတင်းထုတ်ပြန်မယ်လို့ ဦးဉာဏ်ဝင်းက ပြောပါတယ်။
ရင်းမြစ်..RFA