ဒီမိုကရေစီပန်းတိုင် အမြန်ရောက်ရှိနိုင်ပါစေ။

Friday, June 4, 2010

တရုတ်က စစ်အစိုးရကို သံလက်သီးတပ်ပေးမည့် အနေအထားဟု ဦးဝင်းတင်ပြော

တရုတ်ဝန်ကြီးချုပ် ၀မ်ကြားပေါင် မြန်မာနိုင်ငံသို့လာရောက်သည့်အတွက် မြန်မာ့ဒီမိုကရေစီရေးကိစ္စတွင် အကျိုးသက်ရောက်မှု၊ ရောင်ပြန်ဟပ်မှု တစုံတရာမျှ မရှိနိုင်ကြောင်း အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်တဦးဖြစ်သူ ဦးဝင်းတင်က ပြောကြားလိုက်ပါတယ်။

“ဒီမိုကရေစီအရေးနဲ့ပတ်သက်လို့ သူတို့ ဘာမှလုပ်ပေးမှာလည်းမဟုတ်ဘူး။ သူတို့ရဲ့ သြဇာလည်း ရှိမှာမဟုတ်ဘူး။ သူတို့ကနေပြီးတော့ ဒီမိုကရေစီအယောင်ပြ လုပ်တဲ့ဟာတွေ ဒို့လုပ်လို့ရတယ်။ တရုတ်ပြည်မှာ ဘယ်လိုလုပ်လို့ရတယ် ဆိုတာမျိုးတွေကို မြန်မာအစိုးရက မကျင့်သုံးဘူး။ အဲဒါကတော့ သေချာပါတယ်” ဟု ဦးဝင်းတင်က ပြောပါတယ်။

တရုတ်ဝန်ကြီးချုပ် ၀မ်ကြားပေါင်သည် မြန်မာနိုင်ငံသို့ (၂) ရက်ခရီးစဉ်အဖြစ် ဇွန် (၂) ရက်တွင် ရောက်ရှိခဲ့ပြီး နေပြည်တော်သို့လည်း သွားရောက်ပြီး စစ်အစိုးရအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် ၀န်ကြီးချုပ် ဦးသိန်းစိန်တို့နှင့်လည်း တွေ့ဆုံခဲ့သည်ဟု ရန်ကုန်မှလာသော သတင်းများအရသိရပါတယ်။ တရုတ်ဝန်ကြီးချုပ်သည် ခရီးစဉ်အတွင်း စွမ်းအင်လုပ်ငန်းများ၊ စီးပွားရေးနှင့် ကုန်သွယ်မှုလုပ်ငန်း များနှင့်ပတ်သက်ပြီး သဘောတူညီချက် လက်မှတ်ရေးထိုးရန်ရှိသည်ဟုလည်း တရုတ်နိုင်ငံခြားရေး ၀န်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

 တရုတ်ဝန်ကြီးချုပ် မြန်မာနိုင်ငံ လာရောက်မှုသည် စီးပွားရေးကိစ္စများအပြင် ရှေ့လာမည့် (၁) နှစ်၊ (၂) နှစ်အတွင်း တရုတ်ပြည်တွင် ခေါင်းဆောင်မှုအပြောင်းအလဲက မြန်မာနိုင်ငံအပေါ် ရိုက်ခတ်လာမည့် ပုံသဏ္ဌာန်၊ မြန်မာနိုင်ငံ အပြောင်းအလဲက တရုတ်ပြည်နှင့်ပြန်လည် ထိစပ်လာမည့် ပုံသဏ္ဌာန်များကိုလည်း အရိပ်အကဲကြည့်မည့်သဘောပါမည်ဟု ဦးဝင်းတင်က ပြောပါတယ်။

“ရွေးကောက်ပွဲအလွန်ကာလမှာ အများကြီးကို အပြောင်းအလဲတွေ နိုင်ငံရေးအခြေအနေ ပတ်ဝန်းကျင်သစ်တွေက ပေါ်လာမယ်။ ဒါထင်ရှားတယ်။ ပေါ်ပေါက်လာမယ့် နိုင်ငံရေးအနေအထားတွေကို သူတို့သိတယ်။ အဲဒါသိတဲ့အတွက် လျှော့လိုက်၊ ပြောင်းလိုက်၊ ပြင်လိုက်လို့ မလုပ်ပါဘူး။ အန်အယ်လ်ဒီအနေနဲ့ကတော့ လက်အိတ်မစွပ်ဘဲ လက်သီးထိုးရမယ့် အနေအထားမျိုးဖြစ်တဲ့အချိန်မှာ စစ်အစိုးရကို တရုတ်အစိုးရကနေပြီးတော့ လုပ်ပေးမယ့်ဟာက လက်အိတ်တင်မကဘူး သံလက်သီးတပ်ပေးမယ့် အနေအထားမျိုးလို့ ကျနော်က ယူဆတယ်” ဟု ဦးဝင်းတင်က ပြောပြသွားပါတယ်။
source: NEJ