ဒီမိုကရေစီပန်းတိုင် အမြန်ရောက်ရှိနိုင်ပါစေ။

Thursday, June 3, 2010

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရပ်တည်ချက်ကို နော်ဝေးဝန်ကြီးမေးမြန်..

နော်ဝေ နိုင်ငံတကာဖွံ့ဖြိုးရေးဝန်ကြီး အဲရစ် ဆိုးလ်ဟိမ်း။ (Photo: AFP)


မြန်မာနိုင်ငံကို ခေတ္တရောက်နေတဲ့ နော်ဝေနိုင်ငံ နိုင်ငံတကာဖွံ့ဖြိုးရေးဝန်ကြီး Erik Solheim က ဒီကနေ့ ဇွန်လ ၂ ရက်နေ့မှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင်တွေနဲ့တွေ့ဆုံပြီး လက်ရှိ နိုင်ငံရေးအခြေအနေတွေ မေးမြန်းခဲ့တယ်လို့ သတင်းရရှိပါတယ်။

နော်ဝေးဝန်ကြီးဟာ ဒီကနေ့ ညနေပိုင်းက NLD ပါတီ ဒုတိယဥက္ကဋ္ဌ ဦးတင်ဦးနဲ့ အဖွဲ့ကို ဦးတင်ဦးအိမ်မှာ တွေ့ဆုံခဲ့တာပါ။ ဆွေးနွေးပွဲမှာ အဓိက ပါတီရဲ့ ရှေ့လုပ်ငန်းစဉ်တွေကို အဓိကထား ဆွေးနွေးတာဖြစ်တယ်လို့ ပါတီရဲ့ ပြောခွင့်ရ ဦးဥာဏ်ဝင်းက ပြောပါတယ်။

“ဘာတွေလဲဆို ခါတိုင်းလိုပါပဲ၊ ကျွန်တော်တို့ လက်ရှိ နိုင်ငံရေးအခြေအနေတွေရယ်၊ ရွေးကောက်ပွဲပေါ်မှာ သဘောထားရယ်၊ နောက် NLD ရဲ့ အနာဂတ် ဘယ်လိုလဲဆိုတာမျိုးရယ်၊ အဲဒါတွေပါပဲ။ နောက် သူတို့လာတာကတော့ ဝန်ကြီးနဲ့ အားလုံး ကိုးယောက်၊ နောက် မီဒီယာက ခြောက်ယောက်၊ အများကြီးပဲ။”

နော်ဝေးဝန်ကြီး အဖွဲ့နဲ့ အတူ သတင်းမီဒီယာတွေလည်း အများကြီးပါလာတာ ဖြစ်တယ်လို့ ပြောသွားပါတယ်။ နော်ဝေးဝန်ကြီးနဲ့အတူ ပါလာတဲ့ မီဒီယာအဖွဲ့ဝင်တွေက ဦးတင်ဦးကို တွေ့ဆုံမေးမြန်းခန်းတွေ ပြုလုပ်တယ်လို့ ဆိုပါတယ်

“သူတို့က ကျွန်တော့လည်း အင်တာဗျူး တယောက်တည်း လုပ်တယ်ဗျ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်တာအပိုင်းမှာ သူတို့ ဒါ ဘာဖြစ်လို့ ရွေးကောက်ပွဲမှာ ကျွန်တော်တို့ မဝင်အောင် ဖြစ်သလဲပေါ့။ ဒါတွေကလည်း ကျွန်တော်တို့ ရှင်းပြီးသားပဲလေ။ နောက်တခုက အဲ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီးတော့ ဒီလို လုပ်တဲ့အတွက်ကြောင့်မို့လို့ သူ ရှေ့ဆက်လက်ပြီးတော့ကာ နိုင်ငံရေးလုပ်ဖို့အတွက်ကို ဖြစ်လား၊ ဖြစ်တယ် ကျွန်တော်တို့က သူက ပြည်သူလူထုက သူ့နောက်မှာ အားလုံး ရှိတာပဲ။ တိုင်းရင်းသားတွေ အားလုံးလည်း ရှိတာပဲ။ အဲဒီတော့ ဒါကြောင့်မို့လို့ ပြည်သူ့ တပ်မတော်သားတွေထဲကလည်း ရှိတာပဲ။ အဲဒီတော့ ဒါဟာ ဒေါ်အောင်ဆန်းစုကြည်မှာ သူနဲ့ ပတ်သက်တဲ့ အင်အားဟာ ဝိုင်းရံထားပြီး ရှိတာမို့လို့ ဒီအင်အားဟာ ဘယ်တော့မှ ပျက်ပြားသွားမှာ မဟုတ်တာကြောင့် သူ့ရဲ့ အခန်းကဏ္ဍဟာ ပြန်ပြီးတော့ ထင်ရှား ပေါ်လာမှာပဲ ဆိုတာတွေလည်း ကျွန်တော်တို့ အလေးအနက်ထားပြီး ပြောလိုက်တယ်။”

နော်ဝေးဝန်ကြီးဟာ ပြီးခဲ့တဲ့ တနင်္လာနေ့ကလည်း ဧရာဝတီတိုင်း နာဂစ်မုန်တိုင်းသင့်ဒေသ ပြန်လည်ထူထောင်ရေး အခြေအနေတွေ သွားရောက် လေ့လာခဲ့တယ်လို့ ကုလသမဂ္ဂ ရန်ကုန်ရုံးရဲ့ ပြန်ကြားရေး တာဝန်ခံ ဦးအေးဝင်းက RFA ကိုပြောပါတယ်။

“တနေ့ကဆိုလို့ရှိရင် ကျွန်တော်တို့ ဒီ နော်ဝေးဝန်ကြီး လာတော့ ကျွန်တော်တို့ လိုက်ပြတယ်။ တချို့လူတွေဆိုလို့ရှိရင် ခုထိ ဟုတ်လား ဟို အိမ်ယာ ဆောက်မပေးနိုင်တာတွေ ရှိတယ်ဗျာ၊ သူ့လည်း အဲဒါ ကိုယ်တိုင်ကိုယ်ကျ ပြခဲ့တယ်။”

နော်ဝေးနိုင်ငံဟာ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ဒီမိုကရေစီလှုပ်ရှားမှုကို အဓိကပံ့ပိုးနေတဲ့ ပြည်ပနိုင်ငံ တခုဖြစ်သလို ပြည်တွင်းက လူသားချင်းစာနာမှုဆိုင်ရာ အကူအညီင်္တွေလည်း အမြောက်အမြား ပေးနေတဲ့နိုင်ငံ ဖြစ်ပါတယ်။ နှစ်နှစ်အတွင်းအမေရိကန်ဒေါ်လာ သန်း ၅၀ နီးပါး ပေးခဲ့တယ်လို့လည်း သိရပါ တယ်။

သတင်းရင်းမြစ် RFA