ဒီမိုကရေစီပန်းတိုင် အမြန်ရောက်ရှိနိုင်ပါစေ။

Friday, June 11, 2010

ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် ရေသားတဲ့ နောက်ကြည့်မှန် ဝတ္ထု..။

နောက်ကြည့်မှန်

မင်းကိုနိုင်

စီစဉ်သူ့ စကား


စာပေသည် နိုင်ငံရေး၏ သြဇာခံမဟုတ်။ တစုံတရာကို ထောက်ခံရန်၊သို့မဟုတ် ကန့်ကွက်ရန်သည် စာပေ အနုပညာ၏ ရည်ရွယ်ချက်မဟုတ်ပေ။ စာပေသည် အနုပညာပစ္စည်းဖြစ်ကာ ယဉ်ကျေးမှုကိစ္ခဖြစ်သည်။ သို့သော်စာပေသည် ထိုစာပေကို ဖန်တီးသူ နေထိုင်ဖြတ်သန်း ရသောခေတ်၏အလင်းအမှောင်၊အဆိုးအကောင်း တို့ကိုမူ ထင်ဟပ် ဖော်ပြလေသည်။

အနုပညာဖန်တီးသူ၊စာရေးသူ တို့သည် လောကထဲမှ အလှတရားကို ကြိုးစား ဖော်ထုတ်ကြသည်။ မှန်ကန်စွာ ယုံကြည်မှုနှင့် လူသား၏ကောင်းကျိုးချမ်းသာကို ကာကွယ်စောင့်ရှောက်ခြင်းသည် ကမ္ဘာလောကကို လှပစေသောတရား၊ သစ္စာမည်ပါသည်။

သို့ကြောင့်ပင် စာပေအနုပညာဟူသည် လောကအလှတရားနှင့်ယှဉ်ကာဖူးပွင့်သောပန်းဟုဆိုထိုက်သည်။ သို့သော် ထိုပန်းကို စိုက်ပျိုးသူတို့ ဘဝကား ဖြောင့်ဖြူးလှပခြင်း မရှိတတ်။

ယုံကြည်မှုအတွက် သူ့ဘဝ၏အကောင်းဆုံးအချိန်များကို နံရံလေးဘက်ကြား ရင်းနှီးမြှုပ်နှံခဲ့၊ ယခုတဖန် ရင်းနှီး မြှုပ်နှံဆဲ ဖြစ်သော်လည်း သူသည် နိုင်ငံရေး သတ္တဝါမျှသာ မဟုတ်ပေ။ စကားလုံးများ၊ အတွေးစိတ်ကူးများဖြင့် ဖန်တီးခဲ့ သော်လည်း သူသည် အိပ်မက်နှင့် တောကစား နေသော အနုပညာ သည်မျှသာ မဟုတ်။

သူ့ နှလုံးသားသည် သန့်စင် သန်မာစွာ လှုပ်ခုန် နေလေသည်။ ချစ်ခြင်း အားဖြင့် ယုံကြည်မှု သည်ပိုလို့လင်းလက်တောက်ပ လာသည်။ သူသည် သူဖြတ်သန်းသော သမိုင်းခေတ်ကို ရိုးရှင်း လှပစွာ ဖွဲ့နွဲ့ တတ်သူဖြစ်ကြောင်း တွေ့မြင် ရသည်။ ထိုအဖွဲ့အနွဲ့သည် သမိုင်း၏ မှန်ကူ ကွက်တခု အဖြစ် ပြိုးပြက် ကျန်ခဲ့လိမ့်မည်ဟု ကျနော်တို့ ယုံကြည်သည်။

သူသည်လူ့အခွင့်အရေးနှင့်ဒီမိုကရေစီကိုချက်ကြိုးနှင့်အတူအဖြတ်ခံခဲ့ရသောမျိုးဆက်ကိုကိုယ်စားပြုသည်။၂ဝဝ၉ ခုနှစ် အောက်တိုဘာ ၁၈ ရက်တွင် သူ့ အသက် ၄၇ နှစ်ပြည့်ပြီ။ သံတိုင်နောက်က မွေးနေ့ ကိတ်ပေါ်တွင် ကျနော်တို့ ဖယောင်းတိုင် ထွန်းခွင့်မရသော်လည်း သူ့နှလုံးသား၏အလင်းရောင်ကိုအားလုံးထံ ပျံ့နှံ့ရန် သည်စာအုပ် ငယ်ထုတ်ဝေခြင်းသည်ပင် ကျနော်တို့ သူ့ အပေါ်ထားသော အချစ်နှင့် ဂါရဝဖြစ်သည်။

အမှန်နှင့်အမှား၊အကောင်းနှင့်အဆိုး၊အသစ်နှင့်အဟောင်းတို့မည်သည်အားပြိုင်မြဲ၊ယှဉ်ပြိုင်တိုက်ခိုက်မြဲဖြစ်သည်။ အဆုံးတွင်မူ အကောင်ကနိုင်မြဲ၊ အမှန်ကအောင်ပွဲခံမြဲ၊အသစ်ကအစားတိုးနေရာယူမြဲသာဖြစ်ကြောင်း သမိုင်း ဇာတ်ကြောင်းများက သက်သေခံနေသည်ကို သတိမူအပ်သည်။ အမှန်တကယ်တွင် ထိုဇာတ်ကွက်များကို သူရဲကောင်း များဖြင့်သာ ကပြခဲ့သည်မဟုတ်။

လူ့ အဖွဲ့အစည်းတခု၏ အခြေခံအကျဆုံး လူထုကြီးသည်သာ သမိုင်း၏ ဇာတ်လိုက် ကျော်များဖြစ်ကြောင်း သူက လှပရိုးရှင်းစွာ ဖွင့်ဟဖော်ကျူးပြခဲ့သည်။လိုရာခရီးကို မောင်;နှင်ရာတွင် ရှေ့ကိုသွားရန် နောက်ကိုကြည့်ကြရသည်သာ။ သူချစ်ခင်သော ပြည်သူလူထုကြီးထံ သူကိုယ်တိုင် ပေးပို့လိုက်သော မွေးနေ့ လက်ဆောင်မှာ နောက်ကြည့်မှန်တချပ်ဖြစ်ကြောင်း အံအားသင့်ဖွယ်ရာ တွေ့ကြရပေသည်။

အေအေပီပီ

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း

Ko Min Ko Naing Book(နောက်ကြည့်မှန်)