ဒီမိုကရေစီပန်းတိုင် အမြန်ရောက်ရှိနိုင်ပါစေ။

Thursday, June 10, 2010

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ချုပ်ဝင်တဦးကိုကြံခိုင်ဖွံ့ဖြိုးရေးအသင်းဝင်ဝိုင်းရိုက်

ရန်ကုန်တိုင်း တွံတေးမြို့က နိုင်ငံရေးအကျဉ်းသားဟောင်း အဖွဲ့ ချုပ်ဝင် ကိုမြင့်စိုးကို နယ်မြေခံ ရာအိမ်မှူးနဲ့ ကြံ့ခိုင်ဖွံ့ဖြိုးးရေးအသင်းဝင်တချို့က ဝိုင်း ဝန်း ရိုက်နှက်ခဲ့ပါတယ်။ အပတ်စဉ် အင်္ဂါနေ့တိုင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ရေး ဝတ်ပြုဆုတောင်းတာလုပ်နေတဲ့ အဖွဲ့ချုပ်ဝင် ကိုမြင့်စိုးကို အင်္ဂါနေ့ မတိုင်ခင် တနင်္လာနေ့ညမှာပဲ တွံတေးမြို့ကျွန်းတောရပ်ကွက် ရာအိမ်မှူး မောင်အုန်း နဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်းဝင်တချို့က ရန်စပြီး ဝိုင်းရိုက်ကြတာလို့ ကိုမြင့်စိုးက ပြော ပါတယ်။

အဖွဲ့ချုပ်ကိုရော ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ကိုရော လူမဆန်စွာ ဆဲရေးတိုင်းထွာပြီး ဝိုင်းရိုက်တာလို့ ဆိုပါတယ်။ သူအရိုက်ခံရတာနဲ့ ပတ်သက်ပြီး ကိုမြင့်စိုးက အခုလို ပြောပြပါတယ်။ “မင်းနောက်မလာနဲ့ ဒါငါ့ပိုင်နက်၊ ငါသိတယ်။ မင်းတို့ အန်အယ်လ်ဒီက ကောင်တွေ ငါကြည့်မရဘူး။ မင်းက ဘလိုင်းကြီးပါလားလို့ သူ့ကိုပြောတော့ မင်းကို ငါမကြည်တာ၊ စခန်းမှူး၊ မြို့နယ်မှူးတွေက မင်းကို ရိုက်ခိုင်းတာ၊ မင်းတို့ပါတီက ပျက်သွားပြီကွတဲ့။

“ရန်မဖြစ်ချင်ဘူးကွာ၊ မင်းငါ့ကို ရိုက်မလား၊ သတ်မလား၊ အဲဒါကို ငါခံမယ်၊ ဒါပေမယ့် ငါတို့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့၊ ဗိုလ်ချုပ်အောင်ဆန်းတို့ မင်းနဲ့ ဘာမှ မပတ်သက်ဘူး၊ မစော်ကားနဲ့ ကွာလို့၊ အဲဒီမှာ စော်ကားတော့ ဘာ ဖြစ်လဲကွာဆိုပြီး ကျနော့်ကို စထိုးတယ်။ ဘေးကနေ ကျော်ထိုက်ဆိုတဲ့ ကြံ့ခိုင်ရေးက ကောင်ကလည်း အတင်းမျက်နှာတွေ ဝင်ထိုးတယ်၊ ဘေးက ၂ ယောက်၊ ၃ ယောက် ရိုက်တော့ ကျနော့် ကျောကုန်းတွေ ခေါင်းတွေဖုပြီး မျက်နှာတွေလည်း ဖုပေါ့။”

ဒဏ်ရာ ပြင်းပြင်းထန်ထန် မရပေမယ့် အရိုက်ခံရတဲ့ကိစ္စ ရပ်ကွက်ဥက္ကဋ္ဌကို အကြောင်း ကြားခဲ့ရာ ရိုက်တဲ့သူတွေကို ခေါ်ပြီး နောက်မလုပ်ဖို့ သတိပေးပြီး ကို မြင့်စိုးကိုလည်း အမှုမဖွင့်ဖို့ ဖြောင်းဖျခဲ့တယ်လို့ ဆိုပါတယ်။ ဒီအပေါ် မကျေနပ်ပေမယ့် ရဲစခန်းကို အမှုဖွင့်ပြန်ရင်လည်း အရေးယူ ဖြေရှင်း ပေးတာမျိုး မရှိတဲ့အတွက် အမှုဖွင့်လိုစိတ် မရှိဘူးလို့ ပြောပါတယ်။

မနှစ်က နို ဝင်ဘာလတုန်းကလည်း ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်းဝင်တွေရဲ့ လက်ချက်နဲ့ပဲ ဖမ်းဆီးစစ် ဆေး ခံခဲ့ရဖူးတယ်လို့ ကိုမြင့်စိုးက ပြောပါတယ်။ “ဗိုလ်ချုပ်အောင်ဆန်း အင်္ကျီကို ဝတ်ပြီး ဗိုလ်ချုပ်အောင်ဆန်းနဲ့ အန်တီနဲ့ သူတို့သားအဖပုံ ရင်ထိုးလေးကို တပ်ပြီးတော့ ကျနော် အဖွဲ့ချုပ်ကို လာတယ်။ ကျ နော် လာတဲ့အခါမှာ အဲဒီကောင်က နောက်ကလိုက်ပြီး မဟုတ်တဲ့ သတင်းတွေပို့ပြီး အက်စ်ဘီ လေးငါးဆယ်ယောက် ကျနော့်ကို ဝိုင်းဖမ်းလိုက်ပြီးတော့ ရဲစခန်း ခေါ် သွားတယ်၊ ကျနော့်ကို ညဖက်ကျတော့ မဝတ ရုံးမှာ မဝတ ဥက္ကဋ္ဌတွေ ခေါ်ပြီးတော့ စစ်တယ်။ “ဗိုလ်ချုပ်အောင်ဆန်း အင်္ကျီသိမ်းလိုက်တယ်၊ ရင်ထိုးလေးကိုလည်း သိမ်း လိုက်တယ်၊ ကျနော့်ကို ပြန်လွှတ်ပေးတယ်၊ မဝတ ဥက္ကဋ္ဌက ဘယ်လိုပြောလဲဆို တော့ မင်းနောက်ကို ဗိုလ်ချုပ်အောင်ဆန်း အင်္ကျီဝတ်တာတို့၊ ရင်ထိုး တတ်တာတို့ ဆိုရင် မင်းကို အရင်က သေဒဏ်ကျခဲ့တယ်၊ ၈၈ တုန်းကလို အဲလို ကြီးလေးသော အပြစ် မင်းကိုပေးမယ်ဆိုပြီး ကျနော့်ကို ပြန်ခိုင်းလိုက်တယ်။”

ကိုမြင့်စိုးဟာ ရှစ်လေးလုံးလှုပ်ရှားမှုမှာ တွံတေး သပိတ်ခေါင်းဆောင် တဦး ဖြစ်ခဲ့ပြီး ထောင်ဒဏ်နှစ်ရှည် ချမှတ်ခံခဲ့ရပါတယ်။ ၁၉၉၈ ခုနှစ်မှာ ထောင်က ပြန် လွတ်လာပြီး နောက်ပိုင်း အဖွဲ့ချုပ်ထဲကို ဝင်ခဲ့တာ ဖြစ်ပါတယ်။ အန်အယ်လ်ဒီပါတီဝင်ကို ဒီလိုရိုက်နှက်တဲ့ ကြံ့ခိုင်ရေးအသင်းကို နိုင်ငံရေးပါ တီအဖြစ် အသိအမှတ်ပြုလိုက်ပြီလို့ ရွေးကောက်ပွဲကော်မရှင်က မနေ့က ကြေညာ လိုက်ပါတယ်။

နေပြည်တော် မြို့တော် ရာဇသင်္ဂဟလမ်းမှာ ပါတီဌာနချုပ်ရုံး ဖွင့်ထားတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံဖြိုးရေးပါတီအား ဇွန်လ ၈ ရက်နေ့ကစပြီး နိုင်ငံရေးပါ တီအဖြစ် မှတ်ပုံတင်ခွင့် ပြုလိုက်ပြီလို့ ဒီနေ့ထုတ် မြန်မာ့အလင်းသတင်းစာမှာ ဖော် ပြထားပါတယ်။ ဝန်ကြီးချုပ်ဦးသိန်းစိန် ခေါင်းဆောင်တဲ့ ဒီပါတီဟာ ဒီပဲယင်းအပါအဝင် တ ခြားအကြမ်းဖက်မှုတွေကို ကျုးလွန်ခဲ့တဲ့အဖွဲ့ ဖြစ်တဲ့အတွက် ကန့်ကွက်မှုတချို့ ရှိခဲ့ ကြောင်း သတင်းတွေ ထွက်ပေါ်နေတဲ့ကြားထဲက အခုလို ခွင့်ပြုချက် ရသွားတာ ဖြစ် ပါတယ်။ ကော်မရှင်ရဲ့ စာရင်းတွေအရ ပါတီထောင်ဖို့ လျှောက်ထားတဲ့အဖွဲ့ ၄၂ ဖွဲ့ရှိ နေပြီး အဲဒီအထဲက ၃၂ ဖွဲ့ကို နိုင်ငံရေးပါတီအဖြစ် အသိအမှတ်ပြုပြီး ဖြစ်ပါတယ်။

သတင်းရင်းမြစ်..DVB